ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီ (ကယား) ပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် မိုးနေ့စဉ် ရက်ဆက် ရွာသွန်းတာကြောင့် ရေဘေးအန္တရာယ်နှင့် ကြုံနေရပြီး စစ်ကောင်စီက မိုးဗြဲရေကာတာ ဖောက်ချလိုက်တာကြောင့် စစ်ဘေးရှောင်များ၏ လယ်ဧက ၅၀၀ နီးပါး ရေနစ်မြုပ်သွားသည်ဟု မြို့နေပြည်သူများက ပြောသည်။
ယင်းသို့ မိုးအဆက်မပြတ်ရွာပြီး ရေကြီးလာတာကြောင့် မိုးဗြဲရေကာတာအတွင်း၌ ရေများမြင့်တက်လာပြီး ရေကာတာ ကျိုးပေါက်ကျမှာကို ကာကွယ်ရန်အတွက် အောက်တိုဘာလ ဒုတိယအပတ်မှစပြီး စစ်ကောင်စီက ရေကာတာအား ဖောက်ချခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရေဖောက်ချမှုနှုန်းသည် တစ်ရက် ၅ ပေ နှုန်းဖြင့် မတန်တဆ ဖြစ်သောကြောင့် လယ်ကွင်းအချို့ ရေမြုပ်ပြီး စစ်ဘေးရှောင်များပါ နေရာပြောင်းရွှေ့နေရသည်ဟု မိုးဗြဲ Local PDF တာဝန်ရှိသူများက ပြောသည်။
မိုးဗြဲ Local PDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “အခုက ရွာဆိုတာထက် စစ်ဘေးရှောင်ပေါ့နော်။ မိုးဗြဲမြို့ ပေါ်မှာရှိတဲ့ ပြည်သူတွေက သူတို့လယ်က ဘီလူးချောင်းနံဘေးမှာ ရှိတာပေါ့နော်။ သူတို့ လယ်မှာပဲ သွားကြ တယ်လေ။ ဒါကြောင့် စစ်ဘေးရှောင်တွေပဲ အဓိက သူတို့လယ်တွေ တဲတွေ ရေမြုပ်ခံရတာပေါ့။ အဲ့မှာဆိုလည်း စစ်ဘေးရှောင် အိမ်ခြေ ၂၀၀၊ ၃၀၀ လောက် ရှိတယ်ပေါ့နော်။ ညောင်ဝိုင်းက ပြည်သူတွေ မနေရဲဘူးလေ။ အဲမှာ စစ်ခွေးတွေရှိတော့ သူတို့က အကုန်လုံး ရှောင်ထွက်နေရတယ်လေနော်။ ဒါပေမယ့် အခုအဓိက ဒုက္ခရောက်တဲ့ ပြည်သူက ဒီမိုးဗြဲနယ်မှာ ရှိတဲ့စစ်ဘေးရှောင်၊ သူတို့လယ်က ဘီလူးချောင်းနံဘေးမှာပဲ ရှိတယ်ပေါ့နော်။ အဲ့ ဒါကြောင့် သူတို့က လယ်သွားလုပ်ရင်းနဲ့ စစ်ရှောင်ရင်းနဲ့ အခု ရေကြီးတော့ ဒုက္ခရောက်ကုန်တာပေါ့နော်” ဟု ပြောသည်။
ယခင်က မိုးဗြဲတွင် ၅ နှစ်တစ်ခါ ရေကြီးလေ့ရှိပြီး ရေကြီးသည့်အချိန်တိုင်း ရေကာတာ ဖောက်ချလေ့ရှိသော်လည်း ယခုတကြိမ်တွင် စစ်ကောင်စီက သတ်မှတ်ပမာဏထက် ကျော်လွန်၍ အဆမတန် ရေဖောက်ချနေခြင်းကြောင့် စစ်ဘေးရှောင်များ၏ လယ်များနှင့်တဲများ ရေနစ်မြုပ်ကာ ပြောင်းရွှေ့နေရခြင်း ဖြစ်သည်။
လတ်ရှိအချိန်ထိ မိုးဗြဲမြို့ အနီးတဝိုက်နှင့် ဘီလူးချောင်း တောင်ဘက်တလျှောက်ရှိ စစ်ဘေးရှောင်များ၏ လယ်ဧက ၅၀၀ နီးပါး ရေလွှမ်းခံနေရပြီး စစ်ဘေးရှောင် ၁,၅၀၀ ဝန်းကျင်လည်း နေရာပြောင်းရွှေ့နေရသည်ဟု မိုးဗြဲဒေသခံများထံမှ သိရသည်။
“(ရေ) ထပ်တက်မယ် ဆိုရင်တော့ မြုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ ဒါပေမယ့် မိုးအပေါ် မူတည်မယ် ထင်တယ်လို့နော်။ မိုးတအားထပ်ရွာမယ် ဆိုရင်တော့ တက်ဖို့ရှိမယ်။ ဒါပေမယ့် ရာသီဥတု မိုးကထပ်မရွာဘူး ဆိုရင်တော့ အဲ့ဒီတစ်ခုရယ် နောက်ပြီးတော့ ရေကာတာဖောက်တဲ့ စစ်ကောင်စီကလည်း တစ်ခုပေါ့။ သူတို့က ရေထပ်လွှတ်မယ်ဆိုရင်တော့ ထပ်မြုပ်ဖို့ ရှိမယ်။ ဒါပေမယ့် သူတို့က ရေကာတာမှာပဲ ထိန်းထားမယ်ဆိုရင်တော့ အဲ့လောက် မဟုတ်ဘူးပေါ့နော်။ ဒီအနေအထားပဲ ရှိမယ်၊ ဆိုးလည်း ဒီထက်နည်းနည်းပဲ ဆိုးမယ်။ တအား မဆိုးဘူးပေါ့။ အခုလည်း ဒီပြည်သူတွေလည်း ပြောင်ကုန်ပြီလေနော်။ အရင်က သူတို့ လယ်လည်း ရိတ်သိမ်းတဲ့ အချိန်ရောက်ပြီ အခုက ရေမြုပ်ကုန်ပြီလေနော်” မိုးဗြဲ Local PDF ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။
ရေဘေးအန္တရာယ်ကြောင့် မိုးဗြဲမြို့ရှိ စစ်ဘေးရှောင်များသည် မြို့တောင်ဘက် တောတောင်များထဲနှင့် လွိုင်ကော် မြို့ပေါ်သို့ပါ အရေးပေါ် ပြောင်းရွှေ့နေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြသည်။
ထို့အပြင် မိုးဗြဲရေကာတာမှ ဖောက်လွှတ်လိုက်သော ရေများသည် လွိုင်ကော်မြို့ ဘီလူးချောင်းဘေးရှိ ဒေါတမ၊ လောဓမ္မ၊ ဓမ္မာရုံ၊ မှုံပြာ၊ နန်းကွတ်၊ ဈေးပိုင်း၊ ရွှေတောင်၊ ဒေါနိုကူး စသည့် ရပ်ကွက်များသို့ ဝင်ရောက်ပြီး ရေလွှမ်းလာနိုင်ချေရှိသောကြောင့် ရပ်ကွက်နေပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
NMG ပေးပို့သည်။