မိုးဗြဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

By MPM 3 မတ်, 2025 👁 4

ရှမ်း – ကရင်နီ (ကယား) နယ်စပ်၊ မိုးဗြဲမြို့၊ ကျေးရွာတစ်ရွာ၏ အနီးအနားတောင်ယာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပြီး တောင်ယာနေ့စားလုပ်ကိုင်နေကြသည့် မိန်းကလေးငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းက ပြောဆိုသည်

မတ်လ ၁ ရက်နေ့၊ ညနေ ၃ နာရီကျော်က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် တောင်ယာထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးကာ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူအမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည်ဟု မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။

မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “စစ်ရှောင်ပြည်သူတွေပါ။ တောင်ယာ နေ့စားလိုက်ရင်း ထိတာပါရှင်” ဟု ပြောသည်။

စစ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ကောင်စီ၏ ပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၇၄၃ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

AAPP ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများအနက် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၀၀ နီးပါး ပါဝင်နေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ် တပ်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

မိုးဗြဲမြို့ကနေ ကရင်နီပြည်ထဲ စစ်ကောင်စီတပ်များ ထိုးဖောက်မဝင်ရောက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့တို့က ပိတ်ဆို့တားဆီးနေသည့်အတွက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားများနေထိုင်ရာအရပ်ကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ ဆက်တိုက်လုပ်ဆောင်နေကြောင်း မိုးဗြဲဒေသခံတို့က ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံမြို့တို့တွင် အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။