မိုးကုတ် – မန္တလေးလမ်း တော်လှန်ရေးအင်အားစုများက ပြန်ဖွင့်ပေး

By MPM 9 ဩဂုတ်, 2024 👁 1

မန္တလေးတိုင်း၊ မိုးကုတ် – မန္တလေး လမ်းမကြီးအား လုံခြုံရေးအရ သွားလာခွင့် ပိတ်ထားခဲ့ရာမှာ တော်လှန်ရေးအင်အားစုများက ပြန်ဖွင့်ပေးလိုက်ပြီဟု မိုးကုတ်မြို့တွင်းကျန်ရှိနေသေးသူများက ပြောသည်။

အဆိုပါလမ်းအား တော်လှန်ရေးအင်အားစုများက မိုးကုတ်မြို့ကို သိမ်းယူခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ စ၍ သွားလာခွင့် ပိတ်ထားခဲ့ရာမှာ ဩဂုတ်လ ၅ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒီလိုပါ ပိတ်ထားတယ်ဆိုတာက ကားသမားတွေက ကားခ မတန်တဆ တောင်းနေလို့ ခဏတဖြုတ် သွားလာခွင့်ပိတ်တဲ့ သဘောပါ။ ပြီးတော့ မိုင်းတွေလည်း မရှင်းရ သေးလို့ပါ။ တစ်ခုခု အရေးကြီး အရေးပေါ်မျိုးဆိုရင်တော့ တပ်ဖွဲ့က ပြန်ပိတ်မယ်လို့ ပြောထားပါတယ်” ဟု ပြောသည်။

ယခင် ရက်ပိုင်းများတွင် မိုးကုတ် – မန္တလေး ကားခအနေဖြင့် လူတစ်ဦးကို ကျပ် ၆ သိန်းဝန်းကျင် ကုန်ကျခဲ့သော်လည်း ဩဂုတ်လ ၄ ရက်နေ့တွင် ယာဉ်မောင်းများကို တော်လှန်ရေးအင်အားများက ညွှန်ကြားထားသဖြင့် ကျပ် ၂ သိန်းခွဲသာ တောင်းခံတော့သည်ဟု ဒေသခံတချို့က ပြောဆိုသည်။

မိုးကုတ်နှင့် မန္တလေးကို သွားလာခွင့်ပြုထားသော်လည်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အပြင်ထွက်ခွင့် ပိတ်ထားသဖြင့် ခရီးထွက်ကြသူများမှာ ကုန်သည်အနည်းစုသာ ရှိသည်ဟု သိရသည်။

မိုးကုတ်မြို့တွင် ရှိနေသေးသူတစ်ဦးက “ မြို့ထဲမှာ စခ (စစ်ကောင်စီတပ်) တွေ မကုန်သေးဘူး။ အိမ်ထဲ ဝင်ပုန်းနေတာတွေ ရှိတယ်။ အဲတာတွေ လိုက်ရှင်းနေတာ။ သူခိုးတွေလည်း လိုက်ဖမ်းနေတယ်။ ခဏပိတ်လိုက်လို့ တော်သေးတယ်။ နို့မဟုတ်ရင် ကားခက ဝန်ထမ်းတစ်လစာထက် ကုန်ကျမှာ” ဟု ပြောသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဆက်သွယ်ထားသည့် လမ်းများကိုမူ မြို့သိမ်းယူနိုင်သည့် ဇူလိုင် ၂၄ ရက်နေ့ကတည်းက ဖွင့်လှစ်ပေးထားသည်ဟု တော်လှန်ရေးအင်အားစု တာဝန်ရှိသူများက ပြောသည်။

လက်ရှိ၌ မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေပြီး ထိုမှတဖန် ဥပဒေပြုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြန်လည် ထူထောင်ရေး၊ စည်ပင်သာယာရေး စသည့်ကဏ္ဍများအား ဆက်လက် ဖော်ဆောင်သွားမည်ဟု ဆိုသည်။

မိုးကုတ်မြို့ကို ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မိုးကုတ်ဗျူဟာ၊ မိုးကုတ် ပကဖနှင့် မန္တလေး PDF တို့မှ တစ်လကြာသည်အထိ တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင် မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

NMG ပေးပို့သည်။