မိုးကုတ်မြို့ကို စစ်ကောင်စီလေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက် ဒေသခံပြည်သူ ၄ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

By MPM 13 နိုဝင်ဘာ, 2024 👁

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထိန်းချုပ်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့အား နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိုးကုတ်ဒေသခံပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုးကုတ်မြို့ပေါ်သို့ Y-12 အမျိုးအစား ကင်းထောက်လေယာဉ်ဖြင့် ငါးကြိမ်ခန့် ပျံဝဲခဲ့ပြီးနောက် ဂျက်ဖိုက်တာအမျိုးအစား တိုက်လေယာဉ်ဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “မိုးကုတ်မြို့လယ်ဦးရပ်ကွက် နတ်စင်အနီးက အိမ်တွေကို ကြဲသွားတာပါ။ သူက ပေါင် ၅၀၀ ဗုံးကြဲသွားတော့ အဲနားက အိမ်ခြောက်အိမ်လောက် ပျက်စီးသွားတယ်။ လူက အရှေ့ပိုင်းက သေတာက ၃ ယောက်ပါ။ မိုးကုတ်မြို့အနောက်ပိုင်း လူထရပ်ကွက် ဂေါ်ရခါးတွေအများစုနေတဲ့နေရာ အိမ်တွေကိုကြဲတာက ပြည်သူက ၁ ယောက် သေပါတယ်။ ၆ ယောက် ထိခိုက်ဒဏ်ရာရပါတယ်။ အရှေ့ပိုင်းရော အနောက်ပိုင်းရော ထိခိုက်ဒဏ်ရာရတာဆိုရင်တော့ ၁၀ ယောက်လောက် ရှိပါတယ်” ဟု ပြောသည်။

TNLA ဘက်က အုပ်ချုပ်ရေးဖော်ဆောင်ပြီးသည့်နောက် မိုးကုတ်မြို့ကို ပထမဆုံးအကြိမ် စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူများ တိမ်းရှောင်ချိန် မရလိုက်သည့်အတွက် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “ဗုံးက ချက်ချင်းကြဲတာမဟုတ်ဘဲနဲ့ ကင်းထောက်လေယာဉ်တွေက အရင်ဆုံးဝဲတယ်။ ဝဲပြီးတော့မှ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲသွားတာပါ။ ပြည်သူတွေလည်း ဘာမှပြင်ဆင်ချိန် မရလိုက်ဘူးပေါ့နော။ TNLA ဘက်က အုပ်ချုပ်ရေးဖော်ဆောင်ပြီးတဲ့နောက် ပထမဆုံးကြဲတာ ဖြစ်ပါတယ်။ ကြဲတဲ့နေရာကလည်း လက်နက်ကိုင်တွေမရှိဘဲနဲ့ ပြည်သူတွေပဲရှိတဲ့နေရာဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွင် ကျောက်မျက်များတူးဖော်နေသည့် မိုးကုတ်ရှိ အကြမ်းဖက် TNLA အဖွဲ့များ ခိုအောင်းနေသည့်နေရာကို တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

မိုးကုတ်မြို့အား TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ ၄ လရှိပြီဖြစ်ပြီး TNLA ၏ အုပ်ချုပ်ရေးစနစ် လည်ပတ်မှုအောက်တွင် အသေးစား ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား ခွင့်ပြုနေပြီလည်းဖြစ်သည်။

ထိုသို့ ခွင့်ပြုလိုက်သည့်နောက် စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင်လည်း နိုဝင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် လေကြောင်းမှ ပေါင် ၃၀၀ ဗုံးများဖြင့် လာကြဲမှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု TNLA က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိ ရဲစခန်း၊ ဈေးရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် အဆောက်အအုံ ၇ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

NMG ပေးပို့သည်။