မိုင်းပေါက်မှာ တရားမဝင် ကျားဖြန့်လုပ်သူ တရုတ်လူမျိုးများကို UWSA ဖမ်းပြီး တရုတ်ဆီ ပြန်အပ်နှံ

By MPM 7 စက်တင်ဘာ, 2023 👁

သျှမ်းပြည် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့နယ်အတွင်း တရားမဝင်ကျားဖြန့် (အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ) လုပ်ကိုင်နေကြသည့် တရုတ်လူမျိုးများကို “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးပြီး တရုတ်အစိုးရထံသို့ ပြန်လည်အပ်နှံလိုက်ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်က မိုင်းပေါက်မြို့မှ ဖမ်းဆီးရမိသည့် ကျားဖြန့်တရားခံများကို UWSA တာဝန်ရှိသူများက တရုတ်အစိုးရဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်လိုက်သည့်ဖြစ်စဉ်ကို သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောသည်။

“ကားအများကြီး နဲ့ လူတွေကို သယ်လာတယ်၊ တချို့ကိုလည်း “ဝ” တရားစီရင်ရေးဌာနမှာပဲ စစ်ဆေးနေတယ် လို့လည်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေဘက်ကလည်း လာကြိုတာပေါ့။ အဲ့မှာ စုစုပေါင်း (၁၀၀) နီးနီးက အားလုံး ကျားဖြန့်သမားတွေလို့လည်း သိရတယ်” ဟု အဆိုပါဒေသခံအမျိုးသားက ပြောပါသည်။

ဖမ်းဆီးခံရသူ အများစုသည် တရုတ်ပြည်မှ မိုင်းပေါက်၊ ပန်ဆုံးနှင့် မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်လာကြသူများ ဖြစ်ကြပြီး လက်အောက်ငယ်သား ဝန်ထမ်းများသာဖြစ်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

“ဖမ်းဆီးရတဲ့ တော်တော်များများကတော့ လက်အောက်ငယ်သားတွေပဲ ဖြစ်ကြတယ်၊ အလုပ်ရှင် သူဌေးတွေကတော့ ဖမ်းမိတာ မရှိဘူး၊ ပြန်ကြည့်မယ်ဆိုရင်လည်း လုပ်တဲ့သူတွေက ပြည်သူ့စစ်တွေ၊ တရုတ်လောပန်းတွေ ဖြစ်ကြတယ်။ အဲ့ကြောင့်ပဲ မဖမ်းမိကြတာလား မသိဘူး” ဟု အထက်ပါဒေသခံက ဆိုသည်။

ယင်းသို့ ကျားဖြန့်သမားများကို ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်ဖြစ်စဉ်ကို သိရှိနိုင်ရန်အတွက် UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင်လည်း တရုတ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံဘက်က လုံခြုံရေးတာဝန်ရှိသူများ ပူးပေါင်းပြီး မြန်မာပြည်မြောက်ပိုင်းမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) လုပ်နေသည့် နေရာ ၁၁ နေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ သံသယတရားခံ ၂၆၉ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

တရုတ်နစ်စပ်ဒေသများတွင် အွန်လိုင်းရာဇာဝတ်မှုများ ဆက်လက် များပြားနေပြီး၊ တရုတ် – မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်နေသဖြင့် ဆက်သွယ်ရေးလိမ်လည်မှု ရာဇာဝတ်မှုများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းမည်ဟု ဇူလိုင် ၂၅ ရက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်က ပြောဆိုခဲ့ကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။