မာန်အောင်၊ မျှော်တော်ဦးရေတပ်အနီး ကျေးရွာနှစ်ရွာမှ ရွာသားများကို စစ်ကောင်စီက အဓမ္မရွှေ့ပြောင်းခိုင်း

By MPM 25 မတ်, 2025 👁 3

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ မျှော်တော်ဦးရေတပ်အနီး ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ရန်အတွက် ကျေးရွာသားတို့ကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းနေသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သတင်းရရှိသည်။

အဆိုပါကျေးရွာနှစ်ရွာသည် မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာအုပ်စုမှ အိမ်ခြေ ၁ဝဝ ကျော်ရှိသည့် ငှက်ပျောတောကျေးရွာနှင့် အိမ်ခြေ ၁ဝဝ ခန့်ရှိသည့် အနောက်ပါးကျေးရွာတို့ ဖြစ်ကြသည်။

စစ်ကောင်စီတပ်က တပ်စွဲစခန်းဆောက်ရန်အတွက် ကျေးရွာထဲရှိ နေအိမ်များကို ဖြိုဖျက်ခိုင်းကာ ရွာသားများကိုလည်း အဓမ္မပြောင်းရွေ့ခိုင်းနေသည်ဟု မာန်အောင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်စခန်းချဖို့အတွက် ဖြိုခိုင်းနေတာ။ အဲဒီရွာနှစ်ရွာကကြည့်ရင် ကျောက်ဖြူပင်လယ်ပြင်ကို မြင်ရတယ်။ ပြီးတော့ ကားလမ်းမဘေးကရွာတွေလည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများအား နီးစပ်ရာကျေးရွာများသို့ ရွေ့ပြောင်းခိုင်းနေပြီး ယခုလအတွင်း အပြီးပြောင်းရွေ့ရမည်ဟု စစ်ကောင်စီဘက်ကပြောဆိုထားကြောင်း နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

“စစ်ကောင်စီအတွက် ဒီရွာနှစ်ရွာက နေရာကောင်းတယ်။ ဒါကြောင့် သူတို့မာန်အောင်မှာ စစ်ရေးတစုံတရာ ဖြစ်လာရင် ဒီရွာစစ်စခန်းကနေ လက်နက်ပစ်မယ့်သဘောရှိတယ်။ အခု ကျောက်ဖြူမှာစစ်ဖြစ်နေပြီဆိုတော့ ဒီရွာတွေက ပြောင်းကိုပြောင်းရမယ်လို့ ညွှန်ကြားထားတယ်” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

အဆိုပါကျေးရွာနှစ်ရွာသည် မာန်အောင်ရှိ မျှော်တော်ဦးရေတပ်နှင့်အနီးတွင် တည်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းကလည်း အဆိုပါကျေးရွာနှစ်ရွာမှ ရွာသားများကို ရွာမှထွက်သွားကြရန် စစ်ကောင်စီတပ်က ခြိမ်းခြောက်နှင်ထုတ်ခဲ့တာကြောင့် ကျေးရွာသားများသည် နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့ထွက်သွားခဲ့ရသည်ဟု သိရသည်။

ယင်းနောက် လုပ်ကိုင်စားသောက်ရေး အဆင်မပြေ၍ မိမိတို့ရပ်ရွာသို့ ပြန်လာနေထိုင်နေကြစဉ် ယခု ထပ်မံပြီး ပြောင်းရွှေ့ခိုင်းနေခြင်း ဖြစ်သည်။

စစ်ကောင်စီ အလုံးစုံထိန်းချုပ်ထားသည့် မာန်အောင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီရှိသည့်နေရာတွင်သာ ဖုန်းလိုင်းရရှိကြောင်း သိရသည်။

စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားသည့် မာန်အောင်မြို့နယ်ကို သတင်းအမှောင်ချထားပြီး လူငယ်၊ လူရွယ်များ၊ ငါးဖမ်းသမားများအား ဖမ်းဆီးမှုများလည်း များပြားလျက်ရှိကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။