တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့် ဒေသတွင်းစီးပွားရေးသမားများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး ကုန်ပစ္စည်းများကိုလည်း သိမ်းယူနေသည်ဟု မာန်အောင်ဒေသခံများက ပြောဆိုသည်။
မာန်အောင်ဒေသခံတစ်ဦးက “မာန်အောင်ကျွန်းသို့ လာတဲ့ဘုတ်တွေမှာ ပစ္စည်းတန်ဖိုး သိန်းထောင်နဲ့ချီလို့ ပါတဲ့ ဘုတ် (စက်လှေ) တွေ ရှိတယ်။ အဲဒီဘုတ်တွေဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဖမ်းတယ်။ ပြီးတော့ ဘုတ်မှာပါလာတဲ့ ပစ္စည်းတွေကို သိမ်းတယ်။ နောက်ပြီး သူတို့နဲ့ ဆက်စပ်တဲ့သူတွေကို ဈေးလျှော့ ပြီးတော့ ပြန်ရောင်းတယ်” ဟု ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးပွားရေးသမားများကို အကျပ်ကိုင်ပြီး မာန်အောင်ဒေသတွင်း သတင်းများကို ရယူရန် ကြိုးစားလျက်ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“စစ်ကောင်စီတပ်သားတွေက စီးပွားရေးတွေမှာ ရှယ်ယာဝင်တယ်။ ပြီးတော့ စီးပွားရေးသမားတွေနဲ့ ရောပြီးတော့ စီးပွားရေးသမားလိုလိုနဲ့ အရပ်ဝတ်တွေ ဝတ်ပြီးတော့ ရွာတွေကို ဝင်လာတယ်။ ပြီးတော့ စီးပွားရေးကို အကြောင်းပြပြီးတော့ သတင်းရယူဖို့ ကြိုးစားတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မာန်အောင်ကျွန်းအတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးလှုပ်ရှားမှု မရှိသော်လည်း စစ်ကောင်စီထောက်လှမ်းရေးများက အရပ်ဝတ်ဖြင့် ဒေသခံလူထုအကြား သွားလာလှုပ်ရှား၍ သတင်းများ လျှို့ဝှက်ရယူနေသဖြင့် ဒေသခံပြည်သူများ အထူးသတိထား သွားလာနေထိုင်ကြရန် လိုအပ် ကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မာန်အောင်ကျွန်းပေါ်ရှိ မြို့ပြရပ်ကွက်များနှင့် ကျေးရွာများသို့ အရပ်ဝတ်ဖြင့် စီးပွားရေးရောင်းဝယ်လုပ်ကိုင်သကဲ့သို့ အယောင်ဆောင်၍ နေ့တိုင်းလိုလို ဝင်ရောက်လျက်ရှိပြီး သတင်းရရှိရန် အသည်းအသန် ကြိုးစားနေသည်ကို တွေ့ရှိရသည်ဟုလည်း မာန်အောင်ဒေသခံတစ်ဦးက ပြောပါသည်။
“သူတို့က လူထုကြားထဲဝင်ပြီး သတင်းတွေယူတယ်။ အထူးသဖြင့် AA သတင်းတွေကို ရယူတာဖြစ်တယ်။ တဖက်မှာလည်း AA တပ်တော် မာန်အောင်ကိုဝင်လာမှာကို အရမ်းကြောက်နေကြတယ်။ နေရာတိုင်းမှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ရှိနေတယ်။ စားသတိ၊ လာသတိ၊ ပြောသတိ ရှိဖို့လိုပါမယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
မာန်အောင်ကျွန်းတွင် စစ်ကောင်စီအခြေစိုက် ခမရ (၃၄၄) နှင့် မျှော်တော်ဦး ရေတပ်စခန်းတို့ ရှိကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။