မဟာဗျူဟာကျသည့် ကြီးမားကျယ်ပြန့်သော စစ်ဆင်ရေးများဖော်ဆောင်မည်ဟု SRA ဆို

By MPM 16 ဒီဇင်ဘာ, 2025 👁

အာဏာသိမ်းစစ်တပ်၏ နေ့စဥ်ပြည်သူတရပ်လုံးအပေါ် အကြမ်းဖက်နေမှုများကို မဟာဗျူဟာကျသည့် ကြီးမားကျယ်ပြန့်သော စစ်ဆင်ရေးများဖြင့် ဖော်ဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တာဝန်ရှိသူက ပြောသည်။

ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေးအဖွဲ့ တရပ်ပေါ်ပေါက်လာစေရန် ညှိနှိုင်းခဲ့ကြပြီးနောက် တပ်ဖွဲ့ ၁၉ ဖွဲ့နှင့် နိုဝင် ဘာလ ၂၃ ရက်နေ့တွင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အမည်ဖြင့် ဖွဲ့ စည်းနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး တပ်ပေါင်းစုတာဝန်ရှိသူက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တပ်ပေါင်းစုမှာ ပါဝင်တဲ့အဖွဲ့အစည်းအသီးသီးက မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်၊ အင်အားက သောင်းဂဏန်းကျော်ရှိတယ်၊ ဒါကြောင့် ပိုမိုကြီးမားကျယ်ပြန့်ပြီး မဟာဗျူဟာကျတဲ့ စစ် ဆင်ရေးတွေ လုပ်ငန်းစဥ်တွေကို မကြာခင်မှာ စုပေါင်းအားနဲ့ ဖော်ဆောင် လာနိုင်တော့မှာဖြစ်တယ်” ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက်က မဇ္ဈိမ ကို ပြောသည်။

ဖွဲ့စည်းလိုက်သည့် တပ်ပေါင်းစုအတွင်း ပါဝင်သည့် အဖွဲ့အစည်းအသီးသီးမှ အချိုးကျကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဦးဆောင်ကော်မတီမှ လုပ်ငန်းစဥ်များ၊ စစ်ဆင်ရေးများကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပအဖ၊ ပလဖ အဖွဲ့အစည်းများ၊ တိုင်းရင်း သားတော်လှန်ရေး (ERO) တပ်ဖွဲ့များသည် ၎င်းတို့ နယ်မြေအတွင်း ဒေသများအတွင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သကဲ့သို့ ၎င်းတို့အနေဖြင့် ယင်းအဖွဲ့အစည်းများတွင် မပါဝင်သော တပ်ဖွဲများကို ဆက်ဆံရေးတိုးမြှင့်ကာ ရေရှည်တွင် အားလုံးစုပေါင်းနိုင်သော တပ်ပေါင်းစုအသွင်ဖြင့် ဖိတ်ခေါ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားရန်ရှိကြောင်း ကိုမင်းဟန်ထက်က ဆက်ပြောသည်။

တပ်ပေါင်းစုဖွဲ့နိုင်ရေးအတွက် တနှစ်နီးပါးအချိန်ယူ၍ အဖွဲ့အစည်းအသီးသီးဖြင့် ညှိနှိုင်းခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) နှင့်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် တပ်ပေါင်းစုဖွဲ့စည်းရေးအပေါ် ကြိုဆိုသည့် သဘော ထားရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ နေ့စဥ်ပြည်သူတရပ်လုံးအပေါ် အကြမ်းဖက်နေမှုများကို ဗျူဟာမြောက် ခုခံတော်လှန်သွားရန် နွေဦးတော်လှန်ရေးတပ်ဖွဲ့များအကြား စုစည်းညီညွတ်မှုအခြေပြု၍ တော်လှန်ရေး ကျင့်ဝတ်အပြည့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးလိုလားချက်များ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အချက် လေးချက်ပါ ကတိကဝတ်ကို တပ်ပေါင်းစုဝင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါအချက်များမှာ ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နှင့် တော်လှန်ရေးရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါပေါက်လာရေး၊ အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှု ၊ လူအခွင့်အရေးများကို ကျူးလွန်နေသဖြင့် တနိုင်ငံလုံး ကြုံတွေ့နေရသည့် အထွေထွေလူမှုစီးပွားအကျပ်အတည်းမှ လွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအားဖြင့် တိုက်ပွဲဝင်သွားမည် ဟု ဆိုသည်။

၎င်းအပြင် လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှုအားနည်းချက်များကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန့်သော မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် ရပ်တည်သွားကာ ထိရောက်အားကောင်းသော ကွပ်ကဲမှုယန္တရား ပေါ်ပေါက်လာရေး ၊ နိုင်ငံရေး ၊ စစ်ရေးဦး တည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များကို စုစည်းညီညွတ်မှုအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နွေဦးတော်လှန်ရေးမဟာ မိတ်တပ်ပေါင်းစုအဖွဲ့ဝင်များက ကတိပြုထားသည်။

တပ်ပေါင်းစု(SRA) အဖွဲ့ဝင်များတွင် 96 Soldiers PDF ၊ ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Force for Federal Democracy (FFD) ၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF-KK)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါင်) (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) နှင့် ယောကာကွယ်ရေးတပ် (YDF) တို့ ပါဝင်ပြီး ဆက်လက်၍ ပါဝင်လာမည့်အဖွဲ့အစည်းများရှိသေးကြောင်း သိရသည်။

မဇ္ဈိမ