မြန်မာတွင် မတရားဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရန်နှင့် အကျပ်အတည်းအတွက် တွေ့ဆုံအဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ ဇန်နဝါရီလ ၃ ရက် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော အကျပ်အတည်းများအပေါ် အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်ပူပန်ကြောင်း၊ စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိခွင့်ပြုရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်ငြိမ်မှုရရှိရန်အဖြေရှာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ကျွန်ုပ်တို့ တိုက်တွန်းကြောင်း ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော (၇၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားထားသည်။
ယင်းအချက်များသည် လုံခြုံစိတ်ချ၍ သာယာဝပြောသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာစေရေးအတွက် မရှိမဖြစ် လိုအပ်ချက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုကိုယ်စား မြန်မာပြည်သူပြည်သားများအတွက် ကျွန်တော်တို့၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုကြောင်းနှင့် မြန်မာပြည်သူပြည်သားများအတွက် ငြိမ်းချမ်း၊ တရားမျှတပြီး သာယာဝပြောသော အနာဂတ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ယင်း၏ သံန္နိဋ္ဌာန်ကို ဆက်လက်ထားရှိဆဲဖြစ်ကြောင်းလည်း ဇန်နဝါရီလ ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော (၇၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် ရုရှား၊ ကမ္ဘောဒီးယား၊ ဘယ်လာရုစ်၊ ဥဇဘတ်ကစ္စတန်၊ ကာဇက်စတန်၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများက သဝဏ်လွှာများ ပေးပိုခဲ့သည်။
တရုတ်က မြန်မာ့လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့သည်ကို မတွေ့ရပေ။
မဇ္ဈိမ