မင်းပြားမြို့နယ် ပုလဲတောင်ရွာတဝှိက် လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲ

By MPM 8 ဧပြီ, 2026 👁 1

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပုလဲတောင်ကျေးရွာအနီးက တောင်တန်းကို ယနေ့ ဧပြီလ ၈ ရက် နံနက်ပိုင်းက စစ်ကောင်စီက လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာ၊ Y-12 အနည်းဆုံး ၄ စီးခန့်ဖြင့် ပုလဲတောင်ကျေးရွာ အနီးတစ်ဝိုက်ကို ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မင်းပြားဒေသခံ အမျိုးသားတစ်ဦးက “မနက်ကတည်းက လေယာဉ် လေးစီးလောက်နဲ့ ဆက်တိုက်လာချတာ၊ ဂျက်ရော Y-12 ရော ပါတယ်။ အလုံးရေ ၃၀ ထက်တော့ မနည်းဘူး။ အထိအခိုက်တွေတော့ မသိရဘူး။ ရွာအနီး တောင်တန်းတစ်ဝိုက်ကိုပဲ ပတ်ပြီးကြဲတာ” ဟု ပြောသည်။

ထိခိုက်ပျက်စီးမှုအခြေအနေများအား အသေးစိတ်သိရှိနိုင်ရန် DMG က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်ချုပ်အသစ် ဗိုလ်ချုပ်ရဲဝင်းဦးတို့သည် ရခိုင်ပြည်ရှိ စစ်စခန်းဟောင်းများနှင့် အရပ်သားများ၊ နေထိုင်ရာနေရာများကိုလည်း လေယာဉ်အရေအတွက် အများအပြားဖြင့် ဗုံးကြဲမှုများ ပြုလုပ်လာနေကြောင်း စစ်ရေးစောင့်ကြည့်နေသူများက သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်ကလည်း သံတွဲ ခလရ-၅၅ စခန်းဟောင်း အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကြဲခဲ့သဖြင့် ယင်းအနီးဝန်းကျင်တွင် စစ်ဘေးရှောင်နေသည့် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးပါ စစ်ဘေးရှောင်မိသားစု တစ်စုလုံးသေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၂ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်မှာ စစ်ကောင်စီက မတ်လ ၃၀ ရက်တွင် အသစ်ခန့်အပ်လိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက်တွင် ပထမဆုံးကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း အာရက္ခတပ်တော်က ပြောဆိုထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီက လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းမှာ လက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂအင်အားချိနဲ့လာခြင်း၊ အာဆီယံကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့အရေးကို မျက်ကွယ် ပြုထားခြင်းတို့ကို အခွင့်အရေယူခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နိုင်ငံရေးလေ့လာသူ ရခိုင်အမျိုးသားတစ်ဦးက “ဒီလို အင်အားသုံးပြီး ပေါ်ပေါ်ထင်ထင် လုပ်လာတာကလည်း နိုင်ငံတကာ အပြောင်းအလဲနဲ့ အများကြီးဆိုင်တယ်။ အထူးသဖြင့် ICC/ICJ မှာ တရားစွဲဆိုထားတဲ့ ကိစ္စတွေ အရာမထင်တာတွေ၊ နောက်တစ်ခုက ကမ္ဘာမှာလည်း နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို ဦးစားမပေးတဲ့ ကာလလည်းဖြစ်တယ်။ ဒီအတွက်နဲ့ လုပ်ချင်သလိုလုပ်၊ ဘာမှ မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်လာတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကုလသမဂ္ဂကလည်း အင်အားချိနဲလာတာနဲ့လည်း သက်ဆိုင်တယ်။ အာဆီယံလို အဖွဲ့အစည်းကလည်း တစ်ခုမှ မလုပ်နိုင်တဲ့ အခြေအနေဖြစ်တယ်။ သူ့နောက်မှာ ကျောထောက်နောက်ခံပြုထားတဲ့ တရုတ်နဲ့ ရုရှားကြောင့်လည်း သူတို့အားကိုးနဲ့လည်း မိုက်ရဲတဲ့ သတ္တိရှိလာတာလို့ ပြောလို့ရတယ်။ ပြည်သူမျက်နှာကို ကြည့်စရာမလိုဘူး။ အာဏာမြဲဖို့အတွက် ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး သူတို့မှာရှိနေတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ ရခိုင်ဒေသအတွင်းရှိ နေရာများအား လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲသတ်ဖြတ်မှု ကျူးလွန်လာခြင်းမှာ ရခိုင်တွင် စစ်ကောင်စီက လက်လွှတ်ရသည့် မြို့အများအပြား အာရက္ခတပ်တော် လက်အောက်သို့ ကျရောက်ကာ ရခိုင်တစ်ပြည်လုံးအား လက်လွှတ်ရနိုင်သည့် အခြေအနေများနှင့် သက်ဆိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ထို့အတူ မကြာမီတွင် အာရက္ခတပ်တော် ၁၇ နှစ်မွေးနေ့ဖြစ်သဖြင့် စစ်ရေးရှုံးနိမ့်နေသော အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်သူများအပေါ် ပိုမို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သဖြင့် ပြည်သူများ အထူးသတိထားရန် လိုအပ်ကြောင်းလည်း သုံးသပ်နေကြသည်။

လက်ရှိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ လက်အောက်တွင် ကျန်ရှိနေသည့် စစ်တွေနှင့်ကျောက်ဖြူတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် အာရက္ခတပ်တော်၏ ထိုးစစ်လျော့ကျရေး တိုက်ပွဲနှင့် မသက်ဆိုင်သည့် နယ်မြေများအား ဗုံးကြဲကာ ဖိအားပေးသည့် အခြေအနေဖြစ်ကြောင်း ပြောဆိုကြသည်။

DMG