မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး တိုက်ခိုက်ခံရတာကြောင့်၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သရက်ခရိုင်အမှတ် (၄) တပ်ရင်းတာဝန်ရှိသူက ပြောဆိုသည်။
မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာ လမ်းပိုင်းပေါ်ရှိ မဲဇလီကျေးရွာအနီးတွင် အောက်တိုဘာ ၂၉ ရက်က ထိုသို့တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကင်းပုန်းဝပ်နေတဲ့ စကစတွေကို လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ပြီးနောက်ပိုင်း ထူးခြားမှုတော့ မရှိသေးပါဘူး” ဟု သရက်ခရိုင်တပ်ရင်း (၄) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်က ပြောသည်။
သရက်ခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ ၁ က လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် ၁၅ မိနစ်ဝန်းကျင်ရှိကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်က ဆက်ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူများကို ဥသျှစ်ပင်ဘက်သို့ သယ်ယူသွားကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့တွင်လည်း မင်းတုန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် နယ်မြေလုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံးခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။