ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့ရှိ စစ်ကောင်စီစစ်စခန်းများကို တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက် နေသည့် စစ်ရေးသတင်းများနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေခြင်း မပြုလုပ်ရန် ချင်းညီနောင်အဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန် အသိပေးပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ပေါ်တို့က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိအချိန်အထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ချင်းညီနောင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ချင်းညီနောင် စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနှင်ပတ်သက်၍ မဟုတ်မမှန် ရေးသားဖော်ပြခြင်း၊ သတင်းမှား/တုများ ရေးသားဖြန့်ဝေနေခြင်းတို့ တွေ့ရှိနေရပြီး ယင်းသို့ရေးသားဖြန့်ဝေခြင်း မပြုလုပ်ကြရန် ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ အဓိက က ပြည်သူတွေပေါ့လေ။ စစ်ကောင်စီဘက်က သတင်းကြေညာတဲ့ဟာတွေကို ကိုးကား ပြီးမှ ဒါမှမဟုတ်၊ ထင်ရာမြင်ရာသိရာကို သတင်းမမှန်တဲ့ဟာတွေ ရေးသားဖော်ပြတာတွေ၊ ကိုယ်ပိုင်အကောင့်မှာ၊ မီဒီယာတွေမှာပေါ့။ ပြီးတော့ ချင်းမှာလည်း CC (ချင်းလန်းကောင်စီ) နဲ့ CB (ချင်းညီနောင်) ကွဲနေတဲ့အခါကြတော့ အတုအယောင်၊ အမှားတွေ မဖော်ပြပေးဖို့ပါပဲ” ဟု ပြောသည်။
တိကျမှန်ကန်သော သတင်းများနှင့် အောင်ပွဲရသတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ထုတ်ပြန်သွားမည်ဟုလည်း ချင်းညီနောင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့က စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းညီနောင်တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ၎င်းတို့ထိန်းချုပ်ထားရာ မြို့နယ်များတွင် စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့ထဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF, ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF-Mindat), ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland), မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF), ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF-Kanpetlet) နှင့် CDF – Matupi တပ်မဟာ ၁ စသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။
KMG ပေးပို့သည်။