စစ်ကိုင်းတိုင်းအတွင်းရှိ မင်းကင်းမြို့အပါအဝင် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မြို့နယ်အများစုတွင် သန်းခေါင်စာရင်းများကို မြို့ပေါ်နှင့်အနီးတဝိုက်ကျေးရွာများတွင်သာ ကောက်ယူသွားရန်လျာထားကြောင်း သိရှိရသည်။
မင်းကင်းမြို့အတွင်းတွင်လည်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်မည့် လျာထားချက်သည် မြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအုပ်စု ၁၂ ခု၌သာ ကောက်ယူနိုင်မည် ဖြစ်သည်ဟု သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ထဲတွင်ပါဝင်သူများ ပြောဆိုမှုအရ သိရသည်။
“နောက်လထဲ ကောက်မယ့် လျာထားချက်တော့ ရှိတယ်။ အဲ့ဒါလည်း ဒီနားဝန်းကျင်ပါပဲ။ ၁၂ အုပ်စု ၁၃ အုပ်စု လောက်တော့ရှိမှာ၊ မြို့ရဲ့အုပ်စုက ၆၄ အုပ်စုရှိတယ်။ ကျန်တဲ့ဟာတွေက ဟိုဟာ အုပ်ချုပ်နယ်မြေ မဟုတ်ဘူးလေကွာ” ဟု သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
မင်းကင်းမြို့တွင် မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၄ အုပ်စုရှိကာ လက်ရှိကောက်ယူမည့် စာရင်းအရ လေးပုံတစ်ပုံသာ ကောက်ယူသွားနိုင်ရန် လျာထာခြင်းဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့ထဲတွင် ပါဝင်သူများပြောဆိုမှုအရ သိရသည်။
သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့နှင့်နီးစပ်သူက “နစက (စစ်ကောင်စီ) က ထိန်းချုပ်မှုလည်း မရှိဘူးလေကွာ၊ မြို့နဲ့ဝေးတဲ့ ဟာတွေကြတော့ သွားလာမှုတွေ လုံခြုံရေးကလည်း မပေးနိုင်ဘူး။ အဓိက ကောက်မယ့်သူတွေက ကျောင်းဆရာဆရာမတွေ၊ စာရေးတွေပေါ့” ဟု ဆက်ပြောဆိုသည်။
မင်းကင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စက်တင်ဘာလဆန်းပိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့စစ်များ ၊ ဆရာဆရာမများနှင့် ဌာနဆိုင်ရာဝန်များဖြင့် ကောက်ယူရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဓိက ကောက်ယူမည့်သူ ၁၃ ဦးကို သင်တန်းပေးနေပြီး လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့အထိ သင်တန်းရှိနေမည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
မင်းကင်းမြို့ပေါ်တွင် လူဦးရေ သုံးထောင်ကျော်နှင့် ကျေးရွာများတွင်နေထိုင်သူ ၁ သိန်းကျော်ရှိပြီး စစ်ကောင်စီသည် မြို့ပေါ်နှင့် အနီးတဝိုက်ကျေးရွာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေခြင်းလည်း ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းတွင် ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် စမ်းသပ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင်လည်း လည်း အိမ်ထောင်စု ၁ သန်းနီးပါးကို ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
စစ်ကိုင်းတိုင်းသည် ၂၀၂၁ ခုနှစ်က စပြီး ၂၀၂၄ ခုနှစ်အထိ ပဋိပက္ခဖြစ်ပွားမှု အမြင့်ဆုံးသော တိုင်းတစ်ခုထဲတွင် ပါဝင်နေသလို မီးလောင်ပျက်စီးသည့် နေအိမ်အများဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း Data for Myanmar အဖွဲ့က စစ်တမ်းပြုစုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။