မင်းကင်းတွင် PDF နှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်တဲများမီးရှို့ခံရ

By MPM 29 စက်တင်ဘာ, 2024 👁 1

စစ်ကိုင်းတိုင်းအထက်ပိုင်း မင်းကင်းမြို့နယ်ရှိ ကံရွာနှင့် ပြင်းပင်မော်ကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့- PDF နှင့် စစ်ကောင်စီစစ်ကြောင်းတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များ၏တဲများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မင်းကင်းမြို့ကနေ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြို့မြောက်ဘက် ၂ မိုင်အကွာတွင်ရှိသည့် ကံရွာ၌ ထိတွေ့မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် မြိုနှင့် ၅ မိုင်အကွာရှိ ပြင်းပင်မော်ကျေးရွာအနီးထိ စစ်ကောင်စီစစ်ကြောင်းက PDF တပ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားမှုသည် ဒေသတွင်းတောင်သူများက ကံရွာဘက်သို့ လယ်ယာသွားရောက်လုပ်ကိုင်ချိန်တွင် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ခံ (ပကဖ) အဖွဲ့ဝင်တချို့က လက်နက်နှင့်ပစ်ခတ်မှုရှိလို့ တောင်သူများက စစ်ကောင်စီထံ တိုင်ကြားမှုရှိရာ စစ်ကောင်စီတပ်က စစ်ကြောင်းစေလွှတ်ခဲ့ရာက ကံရွာအနီးတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီဘက်က လယ်တွေဘာတွေ သွားလုပ်တဲ့အခါကြရင် PDF တွေ လှမ်းလှမ်းပစ်တာ၊ သေနတ်နဲ့လှမ်းလှမ်းပစ်တာ အဲ့ဒါဆိုတော့ လယ်တွေမလုပ်ရတာ တော်တော်ကိုများတာပေါ့။ အဲ့ဒါကြောင့် ဗျူဟာမှူးတွေကို ဘာတွေကိုတိုင်လို့ ဒီဘက်က စစ်ကြောင်းထိုးခဲ့တာ၊ အဲ့တာနဲ့ တိုက်ပွဲဖြစ်တာ” ၎င်းက ပြောဆိုသည်။

ယင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပြင်းပင်မော်ကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာများက ဒေသခံများ တိမ်းရှောင်ထွက်ပြေးကြပြီး စစ်ကောင်စီတပ်က အဆိုပါကျေးရွာအနီးတွင်ရှိသည့် စစ်ဘေးရှောင်များနေထိုင်သော ယာယီတဲများကို မီးရှို့ခဲ့သည်ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမင်းကင်းဒေသခံ “ရွာဆို တောထဲကို ရွေ့ပြီးနေကြတာလေ၊ တဲတွေဘာတွေဆောက်ပြီး နေကြတာတွေ အဲ့ဒီတဲတွေကို မီးရှို့တာ” ဟု ပြောသည်။

ပြင်းပင်မော်ကျေးရွာအပါအဝင် အနီးဝန်းကျင်၌ စစ်ဘေးရှောင်တစ်ရာကျော်ရှိသည့် စစ်ရှောင်တဲများပါ မီးရှို့ဖျက်ဆီးခံရတာကြောင့် နေထိုင်ရေးအတွက် အခက်အခဲများနှင့် ကြုံနေရသလို တချို့လည်း တောတောင်ထဲတွင် တိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူများက ပြောသည်။

မင်းကင်းမြို့နယ်အတွင်း မြို့ပေါ်နှင့်အနီးနား ၂ မိုင်ပတ်ဝန်းကျင်၌သာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေခြင်းဖြစ်ပြီး ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။