မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ အနိမ့်ရွာမှ လူနေအိမ်များကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူနေအိမ် ၁၈ လုံး မီးလောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က ကျောက်ထုအမြောက်တပ်မှ ထွက်လာသည့် အင်အား ၁၂၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ထုမြို့ ၊ အနိမ့်ရွာကို မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်။
“လူနေအိမ်တွေကို မီးရှို့ပြီးတော့ သူတို့က ကွင်းထဲ (ကျောက်ထုအမြောက်တပ်) ကို ပြန်သွားတာ။ တစ်နာရီ လောက်ကြတော့ ရွာသားတွေက အချိန်မီ မီးငြိမ်းနိုင်လိုက်ပါတယ်” ဟု ယောအလင်းတန်းက ကိုအောင်ကြီးက ပြောသည်။
ကျောက်ထုအမြောက်တပ်သည် မင်းကြည့်၊ လက်ပန်း၊ ပဆုပ် စသည့် ကျေးရွာများဆီ ရောက်ရှိပြီးနောက် အနိမ့်ကျေးရွာကို နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲမရှိပါဘဲ အနိမ့်ရွာကို အကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အချိန်မီမငြိမ်းနိုင်ပါက တစ်ရွာလုံးနီးပါး လောင်ကျွမ်းနိုင်ကြောင်းလည်း ဒေသခံများပြောဆိုသည်။
အိမ်ခြေ ၁၃၀ ခန့် ရှိသည့် အနိမ့်ရွာကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့ကလည်း ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကြန်တောကျေးရွာသား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။

