မကွေးတိုင်းကမြို့နယ်များတွင် စက်သုံးဆီပြတ်လပ်နေ

By MPM 14 ဩဂုတ်, 2024 👁

မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် သြဂုတ်လ ၁၃ ရက်မှစတင်ပြီး လက်ရှိအချိန်ထိ စက်သုံးဆီ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျပ် ပေးဝယ်ယူနေရပြီး စက်သုံးဆီစျေးမပြောင်းလဲသော်လည်း ဝယ်ယူ၍မရတော့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“ကျွန်တော်တို့ ပွင့်ဖြူမှာတော့ ဘယ်ဆိုင်မှာမှ ဝယ်မရတော့ဘူး။ တန်းစီတာက မနေ့ညက တန်းစီရတယ်။ ဒီနေ့တော့ ဆိုင်တွေကပိတ်တယ်” ဟု ပွင့်ဖြူဒေသခံတစ်ဦးက ပြောသည်။

စက်သုံးဆီဆိုင်များတွင် သြဂုတ် ၁၂ ရက်နေ့အထိ အကန့်အသတ်ဖြင့် ဝယ်ယူနိုင်ခဲ့ကြသော်လည်း သြဂုတ် ၁၃ ရက်နေ့တွင် ဆီပြတ်သွားခြင်းဖြစ်ကြောင်း မကွေးဒေသခံများက ပြောသည်။

ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်ခြင်းသည် ဒေါ်လာလဲလှယ်ဈေးနှုန်း စံချိန်တင်မြင့်တက်မှုကြောင့် စက်သုံးဆီ တင်သွင်းဝယ်ယူမှု အခက်အခဲဖြစ်ပြီး ဆီကားများ ရောက်မလာတာကြောင့် မရောင်းချနိုင်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။

“ဆီက လိုချင်သလောက် မရဘူး။ ဘူးနဲ့လည်း ဝယ်လို့မရတော့ဘူး။ ကားဆီဆိုရင် လုံးလုံးဝယ်မရတော့ဘူး။ ကြာမယ်လို့တော့ ဆီဆိုင်တွေကပြောတယ်” ဟု စလင်းဒေသခံတစ်ဦးက ပြောသည်။

မကွေးမြို့ပေါ်က စက်သုံးဆီဆိုင်တချို့အနေဖြင့် ဆီကားလာပါက ရောင်းချနေဆဲဖြစ်သော်လည်း ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးပြီး မော်တော်ယာဉ်များကို ရောင်းချပေးခြင်းမရှိတော့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။