ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့ပေါ်တွင် တရားမဝင်ဝင်ရောက်ပြီး စားသောက်ကုန်ရောင်းချနေသော၊ ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ဂိမ်းရုံများဖွင့်ထားသည့် တရုတ်လူမျိုးများ ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်ခင် ဘုရားသုံးဆူမြို့မှထွက်ခွာသွားရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထုတ်ပြန်ခဲ့သည်။
DKBA အမှတ် -၂ နည်းဗျူဟာက ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူမည်ဟု ကြေညာထားသော်လည်း လက်ရှိချိန်ထိ ဘုရားသုံးဆူမြို့ပေါ်တွင် ကာစီနိုရုံများ ပိတ်သွားသည်မှအပ ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဟု ဒေသခံတို့က ပြောသည်။
DKBA အမှတ် -၂ နည်းဗျူဟာမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ဘုရားသုံးဆူမြို့ပေါ် ရောက်ရှိနေသည့် တရုတ်များသည် ကိုးကန့်တရုတ်များနှင့် မြန်မာပြည်ဖွားတရုတ်များသာဖြစ်ကြောင်းနှင့် ဘုရားသုံးဆူမြို့ပေါ်တွင် ကာစီနိုနှင့် ဂိမ်းရုံများသာခွင့်ပြုထားပြီး ကျားဖြန့် ငွေလိမ်လုပ်ငန်းများမရှိဟု ပြောဆိုသည်။
ဗိုလ်မှူးကြီးစောအေဝမ်းက “ကျနော်တို့ ရိုးရိုးသားသားလာနေတဲ့ ကိုးကန့်တရုတ်တွေ မြန်မာစကားလည်း လယ်လယ်ဝယ်ဝယ် ပြောတတ်တယ်။ မှတ်ပုံတင်လည်း ရှိတယ်။ သူတို့ကတော့ စားသောက်ဆိုင်တွေ လာဖွင့်တာတို့၊ ဆေးလိပ်တွေလာဖွင့်တာတို့ နောက်အကင်တို့ ဟောပေါ့တို့ အမျိုးမျိုးပေါ့နော်။ စီးပွားရေး လာလုပ်တာပေါ့နော်။ အဲ့တာကို အပြောခံရတာပေါ့။ ကျွန်တော်တို့ကို တမျိုးမြင်တယ်ပေါ့နော်။ သူတို့ရဲ့လူမျိုး ကလည်း ဒီအလုပ်နဲ့ပဲလုပ်စားတာကို လောင်းကစားနဲ့ဘာနဲ့ ဒီစီးပွားရေးလုပ်ငန်းတွေ ဒါတွေပဲတွေ့ရတယ်။ တကယ့်တကယ်ကျားဖြန့်က ကျွန်တော်တို့ဆီမှာ မရှိဘူးပေါ့နော်” ဟု ပြောသည်။
DKBA ပြောသည့် ကိုးကန့်လူမျိုးများသည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အဝယ်တော်ရာထူးသာရှိပြီး တရုတ်စစ်စစ်များ လာရောက်ကြီးစိုးနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဒေသခံတို့ပြောဆိုမှုအရ တရုတ်လူမျိုးများသည် DKBA ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့သို့ ၂၀၂၃ ခုနှစ် ကတည်းက စတင်ဝင်ရောက်လာကြောင်း လက်ရှိတွင် ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုး သောင်းနှင့်ချီ ရောက်ရှိ နေသည်ဟု ဆိုသည်။
တရုတ်လူမျိုးများ ဝင်ရောက်လာပြီးနောက် ဘုရားသုံးဆူမြို့တွင် အိမ်ငှားခ၊ မြေငှားခများ စျေးမြင့်တက်လာကာ ဒေသခံများ စီးပွားရေးအဆင်ပြေလာခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံဘက်က ဘုရားသုံးဆူမြို့ကို ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် လျှပ်စစ်မီးဖြတ်တောက်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ မြို့ပေါ်ရှိ ကာစီနိုရုံများ၊ လောင်းကစားရုံများကို ပိတ်သိမ်းရန် ကရင်အမျိုးသားအစည်းအရုံး KNU က ညွှန်ကြားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။
ကာစီနိုရုံများ၊ လောင်းကစားရုံများသည် ဘုရားသုံးဆူမြို့ အမှတ် (၁) ရပ်ကွက်တွင် အများဆုံးရှိကြပြီး ယခုအခါ လုံးဝတိတ်ဆိတ်နေသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“၈ ရက်နေ့ကနေ KNU က အဲဒီလောင်းကစားဝိုင်းတွေ ရှိတဲ့နေရာကို ပိတ်လိုက်တော့ အဲဒီနေရာက လုံးဝ တိတ်ဆိတ်သွားတာပဲ။ အခု လက်ရှိကျန်နေတာက မြို့ထဲမှာ သူတို့တိုက်ခန်းတွေ၊ အိပ်ခန်းတွေ ငှားထားတဲ့ စားသောက်ဆိုင်တွေမှာ ဖွင့်ထားတဲ့ အဲဒီအပေါ်ထပ်တွေမှာတော့ ကျားဖြန့်တွေဘာတွေ ကျန်နေသေးတယ်လို့တော့ ကျွန်တော်တို့ကြားတယ်” ဟု အဆိုပါ ဘုရားသုံးဆူမြို့ခံက ပြောသည်။
ထိုင်းအစိုးရက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရန်ရည်ရွယ်ချက်ဖြင့် ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်က ဒေသ ၅ ခုထက်မနည်းကို လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီ၊ ဆိုလာတင်သွင်းမှုများကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ကာ ဖြတ်တောက်ခဲ့သည်။
IMNA ပေးပို့သည်။