မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်နက်ကြီး မကြာခဏ ကျရောက်ပေါက်ကွဲလို့ စာသင်ကျောင်းတချို့ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ပိတ်ထားလိုက်ရပြီး ဒေသခံကလေးများ ပညာသင်ယူရန် အခက်အခဲရှိနေသည်ဟု ရွှေရောင်ပြရွာခံများက ပြောဆိုသည်။
ရွာခံအမျိုးသားတစ်ဦးက “ရွှေရောင်ပြက ကရင်ကျောင်းဆို ဖွင့်တချက်မဖွင့်တချက်ပဲ။ အဝန်းကြီးကတော့ အခုထိ မဖွင့်ဘူး။ စာတတ်တဲ့ ငါးတန်းခြောက်တန်းကလေးတွေကပဲ ပြန်သင်ပေးနေရတာ။ သက်ဆိုင်ရာအဖွဲ့တွေကတော့ သူတို့ကျောင်းဖွင့်တဲ့ဆီမှာ လာထားဆိုတဲ့ သဘောရှိတယ်။ ဒါပေမဲ့ တောင်ကျော်ပြီးသွားနေရတော့ ဘယ်လိုလုပ်သွားနိုင်မလဲ” ဟု တွေ့ကြုံနေရသည့်အခက်အခဲကို ပြောပါသည်။
ရွှေရောင်ပြ ကျေးရွာအုပ်စုတွင် ရွှေရောင်ပြ၊ အဝန်းကြီး၊ မိချောင်းအိုင်၊ ဇီးကုန်း အစရှိသော ကျေးရွာများရှိပြီး ထိုကျေးရွာများသို့ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် စာသင်ကျောင်းတချို့ ပိတ်ထားလိုက်ရပြီး စာသင်ကြားပေးမည့် ဆရာ၊ဆရာမများလည်း မရှိကြောင်း ဒေသခံများ နှင့် ၎င်းတို့ကိုကူညီပေးနေသူတချို့က ပြောဆိုသည်။
အိမ်ခြေ (၁၀၀) ရာကျော်ရှိ ရွှေရောင်ပြကျေးရွာတွင် ကော်သူးလေပညာသင်စနစ်ဖြင့် သင်ကြားပေးသည့် စာသင်ကျောင်း ရှိသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ပုံမှန်မဖွင့်လှစ်နိုင်သလို အိမ်ခြေ (၂၀၀) နီးပါးရှိသည့် အဝန်းကြီးရွာမှ ကျောင်းနေအရွယ်ကလေးတချို့သည်လည်း ကိုဗစ်ကာလမှ လက်ရှိအချိန်ထိ ကျောင်းမဖွင့်သဖြင့် စာမသင်ကြရကြောင်း အဝန်းကြီးရွာခံအမျိုးသမီးတစ်ဦးက အခုလိုပြောသည်။
“ပိုက်ဆံရှိတဲ့ကလေးတွေကတော့ မြို့ထဲကျောင်းသွားထားတာပေါ့။ မရှိတဲ့သူတွေကတော့ ဒီတိုင်းပဲနေရတာ ဟိုကိုဗစ် ဖြစ်ကတည်းက၊ စစ်ဘေးရှောင်ရတာနဲ့ ဘာနဲ့ဆို ၃ နှစ်လောက် ရှိပြီ။ ကျောင်းဖွင့်တော့လည်း လက်နက်ကြီး ကကျ၊ ရွာသားတွေလည်းသေတော့ ဘယ်သူက ကျောင်းလာဖွင့်ရဲတော့မလဲ။ ဆရာ/ဆရာမ တွေလည်းပြေး၊ မိဘတွေလည်း ကလေးကိုကျောင်းပေးမတက်ရဲတော့ဘူး” ဟု အဆိုပါရွာခံအမျိုးသမီးက ပြောသည်။
လက်ရှိတွင် အလယ်တန်းစာတတ်မြောက်သည့် ရွာခံကလေးများကပင် နီးစပ်ရာ အတန်းငယ်ကလေးများကို တတ်အားသရွှေ့ စာသင်ပေးနေခြင်းဖြစ်ပြီး အထက်တန်းကျောင်းနေအရွယ် ကလေးတချို့သည်လည်း ပညာတပိုင်းတစဖြင့် ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်ကြသည်ဟု ဒေသခံများက ပြောဆိုသည်။
ရွာခံများအနေဖြင့် ကလေးများ ပညာတက်မြောက်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ၏ အကူအညီများ လိုအပ်နေသလို မကြာခဏ စစ်ဘေးရှောင်ရသဖြင့် လူမှုစီးပွားထိခိုက်၍ စားဝတ်နေရေးတွင် လိုအပ်ချက်ရှိနေသည်ဟု ၎င်းတို့ကို ကူညီပေးနေသူများက ပြောဆိုပါသည်။
ဒေသခံများမှာ ရွာပတ်ဝန်းကျင်၌ တိုက်ပွဲပဋိပက္ခဖြစ်ပွားသည်နှင့် ရွှေရောင်ပြကျေးရွာအပိုင် ဗောဓိကုန်းပေါ်နှင့် ဆွေမျိုးနီးစပ်ရှိသည့် ဘေးလွတ်ရာ နေရာများသို့ သွားရောက်စစ်ရှောင်ကြရပြီး လက်ရှိတွင် ဘီးလင်းမြို့နယ် အနိမ့်ပိုင်း ကျေးရွာအချို့ ရေနစ်မြှုပ်မှုကြောင့် ရေဘေးသင့်ပြည်သူများပါ ၎င်းနေရာသို့ ရောက်ရှိလာသဖြင့် ခိုလှုံသူများပြားလာသည်ဟုလည်း စစ်ရှောင်ကူအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရှောင်ကူအမျိုးသားက “စစ်ရှောင်အပြင်ကို ရေဘေးကပါဖြစ်တော့ ဗောဓိကုန်းမှာ သွားစုနေတာ။ ရွှေရောင်ပြ စစဝင်ခြင်း အထက်တန်းကျောင်းဆို ပိတ်ထားတယ်။ ကျန်းမာရေး ဆေးပေးခန်းဆိုလည်း ပိတ်ထား တယ်။ သူတို့မှာ ပညာရေးရော၊ ကျန်းမာရေးရော စားသောက်ရေးရော အခက်အခဲရှိတယ် ဖြစ်သလို နေကြရတာပဲ” ဟု ၎င်းတွေ့ကြုံရသည်များကို ပြန်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၁) ထိန်းချုပ်သည့် ရွှေရောင်ပြကျေးရွာအုပ်စုအပါအဝင် သထုံခရိုင်တွင်းရှိ ကျေးရွာဒေသခံများမှာ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှုအပြင် နေအိမ်ဖောက်ထွင်းခံရမှု၊ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးမှ သတ်ဖြတ်ခံရမူ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ တွေ့ကြုံနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ကလည်း ထိုဖြစ်စဉ်များနှင့်ဆက်စပ်၍ မကြာခဏထုတ်ပြန်လေ့ရှိပါသည်။
KIC ပေးပို့သည်။

