ဘီးလင်းမြို့အဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းအမျိုးသမီး ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိ

By MPM 14 ဩဂုတ်, 2024 👁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ အခွန်ကောက်ခံနေသော နောင်ရိုးစည်ပင် ဘီးခွန်ဂိတ်ကို လက်နက်ကိုင်တပ်ဖွဲ့က မော်တော်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဝန်ထမ်းအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးအပါအဝင် ၅ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့မှ ကျိုက်ထိုမြို့အထွက် နောင်ရိုးစည်ပင်ဘီးခွန်ဂိတ်ကို ဩဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီဝန်းကျင်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိတ်၌ တာဝန်ကျ ဝန်ထမ်းအမျိုးသမီး ၂ ဦး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါဂိတ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“ကားတွေကို မြို့ဝင်ကြေးတောင်းတဲ့ စည်ပင်ဂိတ်ပါ။ ရှိတာက ဝန်ထမ်း ၇ ယောက်၊ ၅ ယောက် ဒဏ်ရာရ သွားတယ်။ နေ့စား အရပ်သားတွေပဲ။ ဘီးလင်းဆေးရုံ တင်ထားလိုက်ပြီ။ စိုးတော့ မစိုးရိမ်ရဘူး၊ အဲဒီဂိတ်ဘေး နားမှာ စစ်တပ်ဂိတ်ရှိတယ်၊ အများဆုံးကွာမှ ၁၀ ပေလောက်ပဲ။ သူ့ဘေးက စစ်တပ်ဂိတ်ကိုတော့ မပစ်သွားဘူး” ဟု ၎င်းက ပြောသည်။

ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်အတွင်းရှိ အဆိုပါဂိတ်အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ တင်ဒါအောင်ထားသော မန္တလာမိသားစုကုမ္ပဏီ (Family Mandalar co.,Ltd) က တာဝန်ယူလုပ်ကိုင်နေခြင်း လည်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုကို ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF ပူးပေါင်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ် အပါအဝင် ၎င်းလက်အောက်ခံ ဝန်ထမ်းများမှ ခရီးသွားပြည်သူများအား မတရား ငွေကြေးကောက်ခံသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

“မစ်ရှင်လုပ်တာကတော့ PDF တော်လှန်ရေးပူးပေါင်းအဖွဲ့က လုပ်တာပါ။ ရည်ရွယ်ချက်က အဲဒီဂိတ်မှာ တာဝန်ကျနေတဲ့ စကစ (စစ်ကောင်စီ) အပါအဝင် လက်အောက်ခံဝန်ထမ်းတွေက ခရီးသွားပြည်သူလူထုရဲ့ မော်တော်ယာဉ်တွေကို အကြောင်းအမျိုးမျိုးပြ စစ်ဆေးတာတွေ လုပ်မယ့်တာဝန်တွေကို ကျော်လွန်ပြီး မတရား ငွေတောင်းခံနေတာကြောင့် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ဝါဒဖြန့် သတင်းမီဒီယာများဘက်တွင် ပူးပေါင်းအဖွဲ့လိုက်ပါလာသည့် မော်တော်ယာဉ်သွားရာလမ်းကြောင်းသို့ လိုက်လံစုံစမ်းနေသည်ဟု ဖော်ပြရေးသားထားသည်။

၂၀၁၇ ခုနှစ်က စည်ပင်မှ တင်ဒါအောင်ထားသော ရွှေသံလွင်ကုမ္ပဏီမှ မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံခြင်းကို ရပ်တန့်လိုက်ပြီးနောက် မြို့နယ်အသီးသီးတွင် မြို့ဝင်ကြေးကောက်သည့် ဂိတ်ပေါင်း (၁၇) ဂိတ်အထိ ရှိလာသလို စည်ပင်ဝန်ထမ်းနှင့် နေ့စားဝန်ထမ်းများက တာဝန်ယူ အခွန်ကောက်ခံနေကြခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ဌာနဆိုင်ရာဂိတ်စခန်း အများစုမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုခံရရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလပိုင်းကလည်း ဘီးလင်းမြို့အဝင်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ ထုတ်ပြန်ချက်အရ သိရသည်။

KIC ပေးပို့သည်။