ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းတံတား စစ်ကောင်စီဂိတ်စခန်း တော်လှန်ရေးတပ်ဖွဲ့များဝင်တိုက်ခိုက်

By MPM 13 စက်တင်ဘာ, 2024 👁

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ ဘီးလင်းမြို့နယ်ပိုင် သဲဖြူချောင်းတံတား စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံး၍ ၅ ဦး ဒဏ်ရာရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်နေ့က မနက် ၁၀ နာရီဝန်းကျင်က သထုံခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တပ်ရင်း (၇၈၀၅) ပါဝင်သော တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးတွဲတပ်စွဲထားသော တံတားလုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နယ်မြေတာဝန်ရှိသူများက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း တော်လှန်ရေးအင်အားစုမှ စစ်ကြောင်းမှူးတစ်ဦး ညာလက်ပြင်နေရာ ကျည်ထိမှန်သေဆုံးခဲ့ရပြီး ကျန်ရှိတပ်ဖွဲ့ဝင် ၄ ဦးအနက် ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟု သထုံခရိုင် နယ်မြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ဂိတ်စခန်းအနီးမှ သရက်ကုန်း၊ သပြေနီ၊ သဲဖြူချောင်း အစရှိသည့်ကျေးရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရပြီး ရွာအတွင်းနေအိမ်များပေါ် စစ်ကောင်စီတပ်က တပ်စွဲနေထိုင်သဖြင့် လက်ရှိအချိန်ထိ နေအိမ်မပြန်နိုင်ကြောင်းလည်း ‌ဘီးလင်းနယ်ခံ အမျိုးသားတစ်ဦးက ပြောဆိူသည်။

အဆိုပါ ဘီးလင်းနယ်ခံအမျိုးသားက “အဲဒီရွာသုံးရွာက ဂိတ်နား အနီးဆုံးရွာတွေဆိုတော့ ပြေးကြတာ ရွာလုံးကျွတ်ပဲ။ အိမ်တွေပေါ်အထိ စစ်တပ်က တက်နေတော့ အခုထိ အိမ်မပြန်ရဲဘူး။ သူ့ဘေးကရွာတွေလည်း သတိနဲ့နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့နှင့် ပစ်ခတ်မှုကြောင့် ‌ရန်ကုန်-မော်လမြိုင်လမ်းပေါ် ခရီးသွားလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျွန်းတောရွာနေ အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်ချန်နယ်များတွင် အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း ၎င်းတို့ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုသာ ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေလည်းဖြစ်သည့် သထုံခရိုင်အတွင်း စစ်ကောင်စီဂိတ်စခန်း၊ တပ်ရင်း၊ တပ်ခွဲနေရာများ တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

KIC ပေးပို့သည်။