ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာနှင့် ပိုင်ဒဝယ်ကျေးရွာအကြားရှိ တော်လှန်ရေးတပ်ဖွဲ့၏ ယာယီစစ်ဆေးရေးဂိတ်အနီးကို စစ်ကောင်စီက ဒရုန်းဖြင့် နှစ်ကြိမ်တိုင် ကြဲချတိုက်ခိုက်သဖြင့် လမ်းသွားလမ်းလာရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ ပြောဆိုမှုအရသိရသည်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်း၌ စစ်ကောင်စီဘက်က ထိုသို့ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ချိန် ရွာသားတစ်ဦးသည် ယင်းဂိတ်စခန်းအနီးမှဖြတ်၍ ဘီးလင်းမြို့သို့သွားစဥ် ထိပ်တိုက်တိုးသဖြင့် ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာသားကို ဆေးရုံသို့ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “ထိတာနည်းနည်းပြင်းထန်တယ်ရှိမှာပေါ့။ ဆေးရုံပို့လိုက်ပြီ။ သူ့ခမျာ အလူးရွာဘက်ကနေ ရန်ကုန် – မော်လမြိုင်လမ်းမကြီးအတိုင်းဆို ဘီးလင်းသွားဖို့ အန္တရာယ်များလို့ ပိုင်ဒဝယ်ဘက်ကသွားကာမှ ထိလိုက်သေးတယ်” ဟု ပြောသည်။
စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် အဆိုပါစစ်ဆေးရေးဂိတ်မှာ ပိတ်ထားပြီးသော ယာယီဂိတ်စခန်းတစ်ခု ဖြစ်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဟုလည်း တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ယခုမတ်လ ဒုတိယအပတ်အတွင်းမှစကာ စစ်ကောင်စီက အင်အားအများအပြားအသုံးပြု၍ ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုအပါအဝင် အခြားကျေးရွာများသို့ စစ်ကြောင်းထိုးလှည့်လည်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ယင်းသို့ ဒရုန်းဗုံးကျရောက်ခြင်းနှင့် စစ်ကြောင်းလှည့်လည်နေခြင်းတို့ကြောင့် ဒေသခံများသည် မိမိနေအိမ်၌ စိတ်မလုံမခြုံမှုတို့ဖြင့် သတိထားနေထိုင်ရသည့်အပြင် စစ်မှုထမ်းခေါ်ယူမှုကြောင့် လူငယ်အများစု နေအိမ်မှတိမ်းရှောင်ညအိပ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ရန်ကုန် – မော်လမြိုင်လမ်းမကြီးပေါ်ရှိ အလူးကျေးရွာအနီး တွင် လမ်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့သေးသည်။
KIC ပေးပို့သည်။