ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် ဖမ်းဆီးရမိဟုဆို

By MPM 12 ဖေ‌ဖော်ဝါရီ, 2025 👁 2

ဗန်းမော်မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် ယခုရက်ပိုင်းအတွင်းမှာပင် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တို့ထံက သိရသည်။

KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက “ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတာဟုတ်တယ်။ လက်နက်ချ ဝင်လာတာလည်းပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွင်း ဖမ်းမိတာလည်းပါတယ်။ အားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ်” ဟု ပြောသည်။

KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗန်းမော်လေယာဉ်ကွင်းအနီးရှိ အမြောက်တပ် ၃၆၆ ကို သိမ်းပိုက်လိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ တင့်ကားတပ်ဖြစ်သည့် အမှတ် ၅၀၁၄ တပ်ရင်းကို ထပ်မံသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သားတချို့ကို KIA ပူးပေါင်းတပ်က ဗန်းမော်လေယာဉ်ကွင်းတပ်၊ အမြောက်တပ်ရင်း အမှတ် ၃၆၆ တင့်ကားတပ်ရင်း၊ အမှတ် ၅၀၁၄ စသည့် တပ်နေရာတို့ကနေ ဖမ်းဆီးရမိခဲ့ပြီး သံချပ်ကာတပ်ဖြစ်သည့် အမှတ် ၆၀၀၇ တပ်ရင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့က KIA ပူးပေါင်းတပ်က တပြိုင်နက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကနေ စတင်ဖြစ်ပွားခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်း ၆၀၀၇၊ အမြောက်တပ် ၃၆၆ ၊ တင့်ကားတပ် ၅၀၁၄၊ လေယာဉ်ကွင်းတပ် အသီးသီးကို KIA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

KIA သိမ်းပိုက်ထားပြီးဖြစ်သည့် အမြောက်တပ် ၃၆၆ တပ်ရင်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ဒရုန်းများနှင့် ပစ်ခတ်ပြီး တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် အမြောက်တပ် ၃၆၆ နှင့် စကခ ၂၁ တပ်ရင်းနှစ်ခုကြား တိုက်ပွဲပြင်းနေဆဲဖြစ်သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တို့က ပြောသည်။

ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို ဖမ်းဆီးရမိသည့် သတင်းနှင့်ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “သေချာတော့ မကြားမိသေးဘူး။ အဲ့ကြောင့် အတည်ပြုပေးဖို့တော့ ခက်တယ်။ ဒါပေမယ့် မဟုတ်ဘူးလို့လည်း မပြောနိုင်ပါဘူး” ဟု ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ရှိသိမ်းပိုက်ရန် ကျန်ရှိနေသော တပ်ရင်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီဘက်ကလည်း တပ်ရင်းနေရာများ လက်မလွတ်ရေးအတွက် ခေတ်မှီ Suicide ဒရုန်းများနှင ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြစ်ကြီးနားမြို့နယ်က တဖရဲကျေးရွာ၊ ဝိုင်းမော်၊ လန်ဆယ်ဒေသ၊ ဆဒုံးနှင့် လိုင်ဇာတို့ကို ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

KNG ပေးပို့သည်။