ဗန်းမော်ဆန်တက်တဲ့ သင်္ဘောတိုက်ခိုက်ခံရမှုမှာ ပုဂ္ဂလိကပိုင် (၄) စင်းပျက်စီးခဲ့၊ နားလည်ပေးဖို့ KIA ပြော

By MPM 24 စက်တင်ဘာ, 2026 👁 27

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဆန်တက်ခဲ့တဲ့ စစ်ရေယာဉ်သင်္ဘောအုပ်စုတွေထဲမှာ စစ်တပ်ပိုင်အပြင် ပုဂ္ဂလိကပိုင် သင်္ဘောတွေလည်း ပါဝင်ခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် လေးစင်းထိခိုက်ပျက်စီးခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလာပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဗန်းမော်မြို့ကို ဆန်တက်သွားတဲ့ သင်္ဘောတွေ မန္တလေးမြို့ကို ပြန်လည်ဆိုက်ကပ်ပြီးတဲ့ နောက် KIA ဘက်က ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။

ပုဂ္ဂလိကသင်္ဘော ၄ စီးအထိ ပျက်စီးခဲ့ပြီး တန်ဖိုးအားဖြင့်  သင်္ဘောတစ်စီးရဲ့တန်ဖိုးဟာ  ကျပ်သိန်းပေါင်း ရှစ်ထောင်ကနေ ၂ သောင်းအထိရှိတယ်လို့ သူက ဆိုပါတယ်။

“ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေ နားလည်ပေးနိုင်မယ်လို့မျှော်လင့်ပြီး နွေဦးတော်လှန်ရေးကာလအရင်းအနှီးဖြစ်လို့ စီးပွားရေးတွေ ပြန်လည်တိုးပွားနိုင်စေကြောင်း ဆုတောင်းပေးတယ်” လို့ ဆိုထားပါတယ်။

ဩဂုတ်တတိယအပတ်ကနေ စက်တင်ဘာလ အထိ  မန္တလေးမြို့ကနေ သင်္ဘောအုပ်စုတွေဟာ   သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်မြို့တွေကို စစ်ဘက်ပစ္စည်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းသုံး ဆောက်လုပ်ရေးနဲ့ အခြေခံစားသောက်ကုန်တွေကို တင်ဆောင်သွားကြတာပါ။

ဒါ့အပြင် ဗန်းမော်မြို့ကို ပြန်ကြမယ့် ဝန်ထမ်းမိသားစု၊ စစ်ဘေးရှောင်တွေနဲ့ ကုန်သည်တွေလည်း လည်း ဒီသင်္ဘောတွေမှာလိုက်ပါသွားပြီး သေဆုံးမှုတွေရှိခဲ့တာလို့ ဗန်းမော်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့နဲ့ စင်းခန်း-ဗန်းမော်ကြားမှာ စစ်ရေယာဉ်တွေကို KIA နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် သင်္ဘော (၂၀) စင်းပျက်စီးခဲ့သလို့ သုံ့ပန်းတစ်ရာကျော်ကို ဖမ်းဆီးရမိကြောင်း  KIA ဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ဗန်းမော်ကို ဆန်တက်ခဲ့တဲ့ စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကို ပြန်ရောက်ခဲ့ပြီး မနေ့ကညပိုင်းမှာ ဂုဏ်ပြုပွဲပြုလုပ်ခဲ့သလို ပြင်ဦးလွင်စစ်ဆေးရုံမှာလည်း ဒဏ်ရာရစစ်သားအများအပြားကို ပို့ဆောင်ထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ရှမ်းနီအသံ