စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားမည့်ဆိုသည့် သတင်းများကြောင့် မြို့ခံများမှာ မြို့ကနေ ကျေးရွာများဘက်သို့ တိမ်းရှောင်မှုရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ဗန်းမောက်မြို့ပေါ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်မှ ဒေသခံများအားလုံး တိမ်းရှောင်ကြရန် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက သတိပေးကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ဒေသခံတချို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောပါသည်။
“အထုတ်တွေလည်း ရွေ့ထားတယ်။ အိမ်တွေမှာလည်း လူသိပ်မရှိတော့ဘူး။ ဒါ့ပေမယ့် မြို့ပေါ်က အကြီးအကဲ တွေက လူရွေ့ရင် အိမ်ချိတ်ပိတ်မှာ။ အဲ့ခါကြတော့ လူတွေကတော့ ရှိတယ်။ ခါတိုင်းထက်ကို လူခြေနည်းသွား တာပေါ့၊ အိမ်စောင့်လောက်ပဲ ရှိတော့တာ” ဟု ဒေသခံကုန်သည်အမျိုးသမီးတစ်ဦးက ပြောပြသည်။
မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမည်ဟု သတိပေးထားပြီးနောက် ရက်ပိုင်းအကြာတွင် ဒေသခံအများစုက ပစ္စည်းပြောင်းရွေ့မှုများ ပြုလုပ်ကြပြီး မြို့ပေါ်တွင် နေထိုင်သူတချို့သာ ဆက်လက်ရှိနေသည်ဟု ဆိုသည်။
ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရှိရာ စစ်ဗျူဟာကုန်း ၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများဖြင့်ဝဲပြီး ခြိမ်းခြောက်မှု ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
“လွန်ခဲ့တဲ့ သုံးရက်ကတည်းက စတာပေါ့၊ ဒရုန်းနဲ့ လာလိုက်၊ ဒီဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်။ အဲ့လိုမျိုး လက်နက်ကြီးသံတွေ ကြားရတယ်။ ပြည်သူတွေကလည်း ပြေးတဲ့လူတွေလည်း ပြေးကြတယ်။ မပြေးတဲ့ သူတွေကလည်း မပြေးကြဘူး။ ပြည်သူတွေကလည်း သုံးပုံနှစ်ပုံကတော့ ပျောက်သွားတယ်” ဟု လေသာကုန်းရပ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၉ ရက်နေ့တွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပေ။
ဗန်းမောက်မြို့တွင် မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမည့်သတင်းများကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးကြိမ်တိုင် မြို့၏လူဦးရေ သုံးပုံတစ်ပုံသည် ခတ္တရှောင်တိမ်းမှုများ ပြုလုပ်ခဲ့ကြသည်။
ရှမ်းနီအသံ ပေးပို့သည်။