ဖားဆောင်းမြို့နယ်တွင် တစ်ရက်အတွင်း နေရာ ၄ နေရာခန့် ဗုံးကြဲတိုက်ခိုက်ခံရ

By MPM 12 နိုဝင်ဘာ, 2024 👁

ကရင်နီ (ကယား) ပြည် ဖားဆောင်းမြို့နယ်ထဲရှိ နေရာလေးနေရာခန့်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်နေ့ တစ်ရက်တည်းအတွင်း ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်နီတပ်မတော် KA က ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် အခြေအနေများနှင့်ပတ်သက်၍ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ယခုလိုပြောဆိုသည်။

“မနေ့က အကြီးက ၁၀ ကြိမ်ပေါ့နော။ တနေရာ တနေရာမှာ လေးငါးလုံး လေးငါးလုံး အဲလိုမျိုး ကြဲချတာရှိတယ်လေ။ တခါကြဲတော့ ၂ လုံးပေါ့။ တခါ ၂ လုံးဆို လေးခါဆိုတော့ ခြောက်လုံးပေါ့ ရှစ်လုံး အဲလိုမျိုးပေါ့။ သူတို့ဗုံးက တခါတလေ ၂ လုံးရှိတယ်။ သုံးလုံး ရှိတယ်။ အကြီးက ၂ လုံးပဲ တအားကြီးတယ်ဆိုရင် ပေါင်ငါးရာက တစ်လုံးတည်းပဲ တစ်လုံးပဲ။ ၁၁ နာရီ ၃၀ မှာက ဗုံးကြဲတယ်ပေါ့။ တရက်တည်း သူက ဗုံးကြဲတဲ့နေရာက ဝမ်အောင်း ကယားရွာ၊ နောက်ပြီးတော့မှ နန်းကစ်ရယ် ပါပုရယ်ပေါ့။ နောက်သံလွင် တံတားနားမှာ ကြဲချတာလည်းရှိတယ်ပေါ့။ အဲဒါ သုံးလေးနေရာ ကြဲတာရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

“ဟိုးဝမ်အောင်း ကယားရွာမှာ တစ်ယောက်ရှပ်ထိမိတယ်။ အဖိုးကြီး ယောက်ကျားလေးပေါ့နော။ သူက ရွာကို ပြန်ကြည့်တာပေါ့လေ သူတို့ စစ်ရှောင်မှာပါသွားတာ။ ဒါပေမယ့် သူတို့ရွာပြန်ကြည်ပြီးမှ အခြေအနေကို ပြန်စုံစမ်း ပြီးတော့မှ ဗုံးကြဲတာတော့ သူက နည်းနည်းထိတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ကရင်နီပြည်နယ် လွိုင်ကော်မြို့က နိုးကိုးကျေးရွာနှင့် သရက်ပင် ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဒေသခံတစ်ဦးက “လွိုင်ကော်ဘက်ကတော့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတယ်ပေါ့နော။ ပြီးတော့ စစ်ကောင်စီတွေလည်း စစ်ကြောင်းအလုံးအရင်းနဲ့ ထိုးလာနေတယ်။ ပြီးတော့ ရွာထဲမှာလည်း လက်နက်ကြီးတွေလည်း ရမ်းသမ်းတွေပစ်နေတယ်။ ပြီးတော့ ပြည်သူတွေလည်းထိတာ သေတာ၊ ဒဏ်ရာရတာတွေလည်းရှိတယ်” ဟု ဆိုသည်။

ထို့အပြင် ရှမ်း – ကရင်နီအစပ် ဖယ်ခုံအရှေ့ဖက်ခြမ်း ကာလရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက RFA ကို ပြောဆိုထားသည်။

လက်ရှိ ဖားဆောင်းမြို့နယ်ရှိ နေရာတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထား ပြီး စစ်ကောင်စီတပ်က အင်အားအနည်းငယ်သာရှိတော့သည်ဟု ကရင်နီတပ်မတော် KA က ပြောသည်။

NMG ပေးပို့သည်။