ကချင်ပြည် ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် Lucky Man ဟိုတယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
Lucky Man ဟိုတယ်နေရာတခုလုံးကို သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်သားများနှင့် ရှမ်းနီတပ်သားများ အယောက် ၂၀ ကျော် လက်နက်ချခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
KIA နှင့် နီးစပ်သူတစ်ဦးက “ဟုတ်ပါတယ် သိမ်းလိုက်နိုင်ပါပြီ။ မနေ့ကလည်း သူတို့ အနီးကပ် Lucky Man မှာ သွားရောက် ပစ်ခတ်ခဲ့တယ်။ ဒီတိုင်း မျက်နှာချင်းဆိုင် သွားပစ်ခဲ့တာ” ဟု ပြောသည်။
တစ်လနီးပါး အကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် ဖားကန့်မြို့နယ် ဆိုင်းတောင်တိုက်ပွဲတွင် Lucky Man ဟိုတယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “အရှင် ဖမ်းမိတာက ၂၂ ယောက် ဖမ်းမိတယ်လို့ ပြောတယ်။ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့တွေလည်း ပါတာတွေ့ရတယ်။ ရေကူးလာတဲ့အချိန်မှာ တော်တော်လေး ပစ်တဲ့အချိန် ထိခိုက် ကျဆုံးမှုလည်း များတယ်လို့ ကြားရတယ်။ စစ်ကောင်စီတွေက တပ်မဟာကုန်းဘက်ကို ပြန်ဆုတ်လာတာ။ လုံးဝ စစ်ဝတ်စုံ မဝတ်ဘူး အရပ်ဝတ်နဲ့ပဲတဲ့” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် အထိအခိုက် လက်နက်ချ အဖမ်းခံခဲ့သူများအပြင် အကျအဆုံးလည်း များသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီးနောက် Lucky Man ဟိုတယ်နေရာအပြင် ဆိုင်းတောင်ကျေးရွာကို နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ KIA ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်နေပြီဟု ဒေသံများက ပြောသည်။
ဆိုင်းတောင်ဒေသခံတစ်ဦးက “တက်သိမ်းလိုက်ပြီး Lucky Man ဟိုတယ်လည်း သိမ်းလိုက်ပြီ။ အကုန်လုံးလည်း မီးရှို့ပြီးသွားပြီ။ နယ်မြေရှင်းလင်းရေး ပြန်လုပ်နေတယ်။ သူတို့က နောက်မဆုတ်ဘူး ခေါင်းမာတယ်။ အခုက စစ်ကောင်စီဘက်က လေကြောင်းရန်က ကြောက်ရမှာ အများဆုံး သူတို့ကသုံးတာလေ” ဟု ပြောသည်။
ဆိုင်းတောင်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ခြင်းပြီး စစ်ကောင်စီတပ်က Lucky Man ဟိုတယ်တွင် တပ်စွဲထားပြီး ပြန်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
တစ်လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး KIA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း အယောက် ၂၀ နီးပါးခန့် သေဆုံးကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“တိုက်ပွဲ စဖြစ်ကတည်းက ထိခိုက်ကျဆုံးတာကျတော့ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အခါ သုံးယောက်ကျဆုံးတယ်။ ထိခိုက်ဒဏ်ရာ လေးယောက်လို့ ကြားရတယ်။ လက်နက်ကြီး လက်နက်ငယ်တဲ့ ပစ်ခတ်တဲ့အခါမှာ အကုန်လုံး ပေါင်းရင် ၁၇ ယောက် ရှိတယ်လို့ ကြားရတယ်။ အတိအကျတော့ မသိရဘူးပေါ့” ဟု ၎င်းက ပြောသည်။
တစ်လကျော် ကြာမြင့်ခဲ့သည့် ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ခဲ့သည့်အတွက် အရပ်သား အယောက် ၅၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရသူလည်း အများအပြား ရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။
နေအိမ်အလုံးရေ ၄၀၀ နီးပါးလည်း မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်းတောင် ဒေသခံပြည်သူသောင်းချီမှာ ဘေးလွတ်ရာ ဖားကန့်မြို့ပေါ်ကို စစ်ရှောင်နေကြရသည်။
ထို့ကြောင့် လက်ရှိတွင် ဆိုင်းတောင်ကျေးရွာအား KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးပြီဟု ဆိုသော်လည်း စစ်ကောင်စီတပ်မှ လေကြောင်းသုံး တိုက်ခိုက်မှု အချိန်မရွေးလုပ်လာနိုင်သောကြောင့် နေရပ်မပြန်ရဲကြသေးဘူးဟု ဆိုင်းတောင်ဒေသခံများက ဆိုသည်။
ဖားကန့်မြို့နယ်တွင် KIA နှင့်ပူးပေါင်းအဖွဲ့က ဆိုင်းတောင် အပါအဝင် နန့်ယားတပ်စခန်း၊ နန်တိန်း၊ တောမှော်၊ လှမောင်သိန်း၊ ကသိုဏ်းတောင်၊ တန် ၃၀၀၀ ခေါ် နမ့်မှော်တပ်စခန်း၊ တာမခန်၊ ဆယ်ဇင်းတပ်စခန်း၊ ဝှေခါကျေးရွာရှိ တပ်စခန်းနှင့် ရဲစခန်း၊ ညောင်ပင်တပ်စခန်း နှင့် ချောင်းဝ တပ်စခန်းတို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
NMG ပေးပို့သည်။