ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လုံးခင်းအုပ်စုထဲရှိ စစ်ကောင်စီ၏ လမောင်တပ်စခန်း ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တောမှော်တပ်စခန်းကိုလည်း တပြိုင်နက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO ထံမှ သိရသည်။
စစ်ကောင်စီ၏ တောမှော်တပ်စခန်းသည် လုံးခင်းအုပ်စုထဲ၌ရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ စစ်ကောင်စီတပ်၏ ရှေ့တန်းလုံခြုံရေး တပ်စခန်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။
KIO သတင်ရင်းမြစ်တစ်ဦးက “တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါပဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့” ဟု ပြောသည်။
KIA ပူးပေါင်းတပ်က ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်တွင် လမောင်တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ယင်းနေ့ညနေပိုင်း ၄ နာရီခန့်တွင် တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
တောမှော်တပ်စခန်းသည် ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကံဆီးကျေးရွာနှင့်လည်း နီးကပ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ရှိရာကို အဓိက ထိန်းချုပ်နေသော စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါသည်။
“တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာ ရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်” ဟု ၎င်းက ပြောသည်။
လမောင်တပ်စခန်းကုန်းနှင့် တောမှော်တပ်စခန်း တို့သည် ၅ မိုင်ခန့်အကွာတွင် တည်ရှိကြပြီး တောမှော်တပ်စခန်းသည် စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားသော တပ်စခန်းဖြစ်ကြောင်း အဆိုပါဖားကန့် ဒေသခံ၏ ပြောဆိုမှုအရ သိရသည်။
ဖားကန့်မြို့တွင်းရှိ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်းနှင့် ကံဆီးတပ်စခန်းနေရာတို့ကို အဓိက လုံခြုံရေးယူပေးနေသည့် လမောင်တပ်စခန်းကုန်းနှင့် တောမှော်တပ်စခန်း ၂ ခုကို ဩဂုတ် ၁၄ ရက်နေ့က KIA ပူးပေါင်းတပ်က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၁၅ ရက်နေ့၌ တပ်စခန်း ၂ ခုလုံးကို သိမ်းလိုက်နိုင်သည်။
လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို KIA က ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက်တပ်စခန်း ၆ ခုကို KIA က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ၄ လခန့်အကြာတွင် ယခုကဲ့သို့ တိုက်ပွဲ ပြန်လည်ဖော်ဆောင်လာတာလည်း ဖြစ်သည်။
KNG ပေးပို့သည်။