ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က သတင်းထောက်နှစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူနှစ်ဦးနှင့် ရင်းနှီးသူမိတ်ဆွေများနှင့် ဒေသခံတချို့ ပြောဆိုသည်။
အဆိုပါ သတင်းထောက်နှစ်ဦးသည် စက်တင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် တစ်ရက်စီခြားပြီး KIA က ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ထိုသတင်းထောက်နှစ်ဦးလုံးနှင့် ရင်းနှီးသူတစ်ဦးက ယခုလိုပြောသည်။
“၂၉ ရက်နေ့က ထင်ပါတယ်။ ကိုတာလင်းမောင်ကို သူနေတဲ့နေရာမှာ လာခေါ်တယ်။ သေနတ်တွေ ကိုင်ထားတဲ့သူတွေပေါ့၊ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရတော့ KIA လို့ ပြောတယ်။ အဲ့အချိန်မှာ ကိုတာက မရှိဘူး၊ လာခေါ်တဲ့အချိန် ကိုတာက မရှိဘူး။ ဒါပေမဲ့ သူ့ကိုလာခေါ်တာသိတော့ သူကရှောင်မနေပါဘူး။ တစ်ခုခုရှင်းစရာရှိရင် ရှင်းမယ်ဆိုပြီး ရှောင်မနေဘဲ လိုက်သွားတဲ့သဘောပေါ့နော်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးသည် ကိုတာလင်းမောင်နှင့် ကိုနှောင်ရိုးတို့ဖြစ်ပြီး ၎င်းတို့သည် အလွတ်တန်းသတင်းထောက်များဖြစ်ကြကာ ဖားကန့်မြို့နယ်အတွင်းက သတင်းများနှင့်ပတ်သက်ပြီး ဒိုင်ခံရေးနေကြသူများဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ကိုတာလင်းမောင်သည် Red News Agency ၌ တိုက်ပိုင်သတင်းထောက်နှင့် အလွတ်တန်း သတင်းထောက်တစ်ဦးလည်းဖြစ်ပြီး ကိုနောင်ရိုးမှာ အလွတ်တန်းသတင်းထောက်ဖြစ်သည်ဟု ၎င်းတို့နှင့် ရင်းနှီးသူများက ပြောဆိုသည်။
သတင်းထောက် ကိုတာလင်းမောင် ဖမ်းခံရမှုနှင့်ပတ်သက်ပြီး ကိုတာလင်းမောင်၏ အသိမိတ်ဆွေများ ပြောဆိုချက်အရ ဖမ်းဆီးမခံရခင် တင်ထားသည့်ပို့စ်ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုကြသည်။
“သူတို့နှစ်ယောက်လုံးကတော့ ဖားကန့်သတင်းတွေကို ဒိုင်ခံရေးနေတဲ့သူပေါ့နော်။ ကိုတာလင်းမောင်ဆိုရင် သတင်းရေးတဲ့အပြင်မှာမှ တချို့ဟာတွေလည်း ပြင်းပြင်းထန်ထန် သုံးသပ်တာတွေ ရှိတယ်။ FB မှာ ဆိုရင် တင်တယ်။ အဓိကတော့ စစ်ပွဲတွေနဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီးသူရေးနေတာတွေ ရှိတယ်” ဟု ကိုတာလင်းမောင်နှင့် နီးစပ်သူမိတ်ဆွေတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဒီရှေ့ရက်မှာဆိုရင် KIA အရာရှိတချို့ အာဏာပါဝါအလွဲသုံးစားလုပ်ပြီး လူခိုးထုတ်တာတို့ ဘာတို့ပေါ့။ အဲ့ဒါ သူရေးတင်ထားတာရှိတယ်။ အခု ခေါ်သွားတာဟာ ဒါနဲ့ဆက်စပ်မှု ရှိလားဆိုပြီး တွေးမိတာပေါ့နော်။ ပြီးတော့ နှောင်ရိုးဖမ်းခံရတာကြတော့ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ မပြောတတ်ဘူး” ဟု ပြောဆိုသည်။
သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပြီးချိန်ကစပြီး ဒီကနေ့အထိ အဆက်အသွယ်တစုံတရာ မရရှိသေးဟု ၎င်းတို့နှင့် နီးစပ်သူမိတ်ဆွေများက ပြောပါသည်။
သတင်းထောက်နှစ်ဦးကို KIA က ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကို ဆက်သွယ်ခဲ့ရာတွင် ယခုသတင်းနှင့်ပတ်သက်လို့ မကြားမိသေးကြောင်းနှင့် အတည်ပြု မေမြန်းရဦးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“အဲဒါတော့ ကျနော်မကြားဘူးခင်ဗျ။ အဲဒါကြောင့် အဲဒီမေးခွန်းကတော့ ကျနော်ပြန်ပြီးတော့ မေးရမယ်ထင်တယ်” ဟု ဗိုလ်မှူကြီးနော်ဘူက ဆိုသည်။
အဆိုပါသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည်နှင့်ပတ်သက်ပြီး ဘာ့ကြောင့် KIA ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ကို ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်သည်။
ဖမ်းဆီးခံရသည် သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် စစ်အာဏာစသိမ်းချိန်ကာလ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသူလည်းဖြစ်ကြောင်း သိရသည်။
သတင်းထောက်ကိုတာလင်းမောင်သည် စစ်အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်) တွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ သတင်းထောက် အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် သတင်းသမားများကိုဖမ်းဆီးမှု ကမ္ဘာတွင် အဆိုးရွားဆုံးနိုင်ငံတခု ဖြစ်လာပြီး သုံးနှစ်အတွင်း သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု International Center for Not-For-Profit Law (ICNL) အစီရင်ခံစာအရ သိရပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှ ယခု၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံရှိ သတင်းဌာန ၁၀၀ နီးပါးမှ အမျိုးသမီးသတင်းထောက် ၃၁ ဦးအပါအဝင် သတင်းသမားစုစုပေါင်း ၂၀၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ICNL က ဖော်ပြထားသည်။
KNG ပေးပို့သည်။