ဖာပွန်နယ် ဝါးဒူးကျေးရွာ၌ အာဏာသိမ်းစစ်တပ်၊ BGF နှင့် DKBA ဗိုလ်ဘိအဖွဲ့များ ပူးပေါင်းတပ်စွဲပြီး အင်အားဖြည့်နေ

By MPM 29 စက်တင်ဘာ, 2025 👁

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်) ခရိုင်၊ ဝါးဒူးကျေးရွာဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်နှင့်အတူ ကရင်နယ်ခြားစောင့်တပ် – BGF နှင့် ဗိုလ်ဘိဦးဆောင်သည့် ကြာအင်းပေါ်တော်မူ DKBA တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားပြီး အင်အားဖြည့်နေသည်ဟု ကေအဲန်ယူ တပ်မဟာ (၅) နှင့် ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စက်တင်ဘာ တတိယအပတ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ဝါးဒူးကျေးရွာသို့ ပြန်ဆုတ်သွားသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့်အတူ ထိုကရင်လက်နက်ကိုင်အချို့ပါ ရွာ၌ ပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟု တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

“တက်မလာခင် (တိုက်ပွဲမဖြစ်ခင်) ကတည်းက စကစနဲ့အတူ BGF အဖွဲ့တချို့ပါတယ်၊ ဗိုလ်ဘိတို့အဖွဲ့ကတော့ တပ်မဟာ (၅) အစပ်မှာလာပြီး နေရာယူထားတယ်လို့ ပြောတယ်။ တပ်ပြန်ဆုတ်ပြီးနောက်ပိုင်း ခုလောလောဆယ် ဝါးဒူးမှာ အင်အားဖြည့်နေတယ်။ ခန့်မှန်းခြေကတော့ BGF တို့၊ ဗိုလ်ဘိတို့ပါပေါင်းလိုက်ရင် ၃ ရာဝန်းကျင်လောက်တော့ရှိမယ်။ ဒီထက်လည်း ပိုနိုင်လျော့နိုင်တယ်” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

မူတြော်ခရိုင်အတွင်း BGF လက်အောက်ခံတပ်များက အာဏာသိမ်းစစ်တပ်ကို လမ်းကြောင်းပြအကူအညီပေးခြင်း၊ တပ်ရိက္ခာ ပို့ဆောင်ရာ၌ လိုက်ပါကူညီခြင်းတို့ လုပ်ဆောင်ခဲ့သောကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် သဘောထားကွဲလွဲသည့်ဖြစ်ရပ် ယခင်ကရှိဖူးသည်။

ယခုတဖန် BGF က အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် တပ်ဖွဲ့တာဝန်ရှိသူများအား ကေအိုင်စီအနေဖြင့် မေးမြန်းစုံစမ်းနေသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍မရပေ။

ဝါးဒူးရွာရှိ အဆိုပါ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်ဖွဲ့များသည် ဖာပွန်စစ်ဗျူဟာချုပ်သို့ တက်နိုင်ရေး လူအင်အားဖြည့်တင်းမှုအပြင် စစ်တပ်က လက်နက်ကြီးများအထိုင်ချခြင်း၊ ရှိနေသည့် ကမမောင်းနှင့် ကတိုင်တိအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့တို့မှလည်း လက်နက်ကြီးပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တချို့က ပြောသည်။

“လက်နက်ကြီးကတော့ သူတို့မှာ အမြဲတမ်းပါတာပဲ။ ကမမောင်းတို့၊ ကတိုင်တိတို့မှာလည်း ၁၂၀၊ ၁၂၂ လက်နက်ကြီးတွေရှိတယ်။ အဲဒါတွေနဲ့ရွာတွေကို ပစ်ချလို့ ရွာသားတွေထိခိုက်တာလည်း ခဏခဏပဲ။ ဖာပွန်ဗျူဟာက အရင်ကလိုပဲ ပိတ်ဆို့ခံထားရတာကိုး” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

KNLA ပူးပေါင်းတပ် လက်ဝယ်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းထက်ဝက်ကျော် သိမ်းပိုက်ရရှိထားပြီးဖြစ်သည့် တပ်မဟာ (၅) နယ်မြေ၌ ဆုံးရှုံးထားသည့် စခန်းများ ပြန်ရနိုင်ရေးနှင့် ဗျူဟာကျ၊ အရေးကြီးသည့် စခန်းများ လက်မလွှတ်ရရေး စစ်တပ်က ကြိုးပမ်းနေသဖြင့် နယ်မြေတွင်း စစ်ရေးလှုပ်ရှားမှု ဒီထက်များပြားလာနိုင်သည်ဟု စစ်ရေးအကဲခတ်များက ခန့်မှန်းနေကြသည်။

ထို့အတူ တပ်မဟာ (၅)/မူတြော်ခရိုင်တွင် အခြေချလှုပ်ရှားသည့် ဗိုလ်လှကြိုင်ဦးဆောင် BGF ၁၀၁၃ တပ်ရင်းနှင့် ဗိုလ်မောင်ချစ် လက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းနှစ်ခုလုံးမှာလည်း အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ယခုအထိ အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ကူညီပေးနေသည့်အဖွဲ့များဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုကြသည်။

ကြာအင်းပေါ်တော်မူ DKBA ခွဲထွက်ဟု ဒေသတွင်းလူသိများသော ဗိုလ်ဘိဦးဆောင်အဖွဲ့သည် လတ်တလော တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်၌ ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်ကိုလည်း ထောက်ပံ့ကူညီ ပေးနေသည်။

ကေအိုင်စီ