ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၈၉ ဦး ကျဆုံး

By MPM 17 ဧပြီ, 2025 👁

၅ လကြာ ဆင်နွှဲခဲ့ရသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၊ ရဲမေ ၈၉ ဦးကျဆုံးပြီး ထက်ဝက်နီးပါးမှာ အိမ်ရှင်တပ်ဖွဲ့ဖြစ်သော CNO/CNDF မှ ရဲဘော်များဖြစ်ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောသည်။

“ ဒီ ၈၉ ဦး ကျဆုံးတဲ့အထဲမှာ ကျွန်တော်တို့အိမ်ရှင် CNO/CNDF အနေဖြင့် ကျဆုံးသူ အယောက် ၄၀ ပါဝင်ပါတယ်။ ဒီထဲမှာမှ ကျန်းမာရေးဘက် တာဝန်ထမ်းဆောင်တဲ့ သူနာပြု ဆရာမ ၁ ဦး၊ သူနာပြု ဆရာ ၁ ဦး၊ ၂ ဦးလဲ ပါဝင်ပါတယ်” ဆလိုင်းတီမီက ပြောသည်။

ထို့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ရဲဘော် အယောက် ၃၀ ဝန်းကျင်ရှိပြီး အခြား မစိုးရိမ်ရဒဏ်ရာရရှိသူ ရဲဘော် အယောက် ၅၀၀ ခန့်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသော ရဲဘော်တချို့၏ ရုပ်အလောင်းများကို ၎င်းတို့နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခြင်းရှိသလို အချို့မှာမူ မြေပြင်အခြေအနေအရ ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ဖလမ်းမြို့တနေရာတွင် ခေတ္တမြေမြုပ်ပေးထားသည်ဟု သိရသည်။

CNO/CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက “ကျွန်တော်တို့ CNO/ CNDF ဆိုရင် အိမ်ရှင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရွာတွေမှာ ပို့လို့ရတယ်၊ မိဘဆီ ပို့လို့ရတယ်ဆိုရင် အကုန်လုံး ပို့ပေးပါတယ်။ ပြီးတော့ နယ်ဝေးကနေလာပြီး ပို့ဖို့အဆင်မပြေတဲ့သူ နောက် မီးသဂြိုလ်လို့ မရတဲ့သူတွေကိုတော့ ကျွန်တော်တို့ လောလောဆယ် ဒီမှာ မြုပ်နှံထားပါတယ်” ဟု ပြောသည်။

ဧပြီလ ၁၃ ရက်နေ့သည် CNO/CNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်သည့်နေ့ဖြစ်သည့်အပြင် ယခုလသည် ဖလမ်းမြို့ အပြီးသိမ်းပိုက်နိုင်သည့်လဖြစ်ပြီး ထိုစစ်ဆင်ရေးအတွင်း အားလုံး၏ ပေးဆပ်မှုအပေါ် ကျေးဇူးတင်ကြောင်း ဆလိုင်းတီမီက ထည့်သွင်းပြောဆိုသည်။

“ဒီ ၄ နှစ်တာကာလအတွင်း အသက်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ ခန္ဓာကိုယ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေ အကုန်လုံးကို လေးစာသလို အလေးနီပြုပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ဝိုင်းဝန်းထောက်ပို့ပေးကြတဲ့ မိဘပြည်သူများ၊ နိုင်ငံတကာရောက် ချင်းအမျိုးသားများ၊ CNDF supporter များ၊ CB supporter များ၊ ဒီကနေ ကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်” ဟု ဆလိုင်းတီမီက ဆိုသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာက ၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ကြသော ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၅ လ ပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြပြီး ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော ချင်းညီနောင်ပူးပေါင်းအဖွဲ့များ၊ အာရက္ခတပ်တော် (AA/ ULA) ၏ စစ်ရေးအကြံဥာဏ်၊ ခဲယမ်းစစ်လက်နက်ပံ့ပိုးမှုနှင့်အတူ စစ်ကိုင်း၊ မကွေးတို့က တော်လှန်ရေးအင်အားစု (၁၇) ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

KMG ပေးပို့သည်။