ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းညီနောင်တပ်ဖွဲ့များက မြို့သိမ်းစစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေတာကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများလည်းရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ဖလမ်းမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ချင်းညီနောင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေကြောင်း ၎င်းတို့က ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် အကြိမ် ၂၀ ခန့် ဗုံးကြဲခဲ့သည့်အပြင် ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင်လည်း တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၃ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူ အနည်းကျဉ်းသာကျန်ရှိတော့ပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေသည့်အတွက် မြေပြင်အခြေအနေကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင်၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့သိမ်းပိုက်နိုင်ရေးအတွက် Mission Jerusalem (MJ) စစ်ဆင်ရေးကို ဖော်ဆောင်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အလားတူ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့တွင်လည်း ချင်းညီနောင်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေပြီး နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ယနေ့ချိန်ထိ တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှင့်ပါ အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။
KMG ပေးပို့သည်။