ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက အာဏာသိမ်းစစ်အုပ်စု တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ တောင်ယာခင်းတွေအထိအပြင် လူသွားလာနိုင်တဲ့နေရာတွေကို အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်သားတွေက အရပ်ဝတ် ဝတ်ဆင်ပြီး တပ်ပြင်ထွက်ကာ မြေမြှုပ်မိုင်းထောင်နေတာတွေရှိတယ်လို့ မြေပြင်သတင်း အရင်းအမြစ်က ဆိုပါတယ်။
“ကျေးရွာ အနီးနဲ့ တောင်ပေါ်ပတ်ဝန်းကျင်မှာဆို တော်တော်များများ ထောင်ထားတယ်။ သူတို့က လူအင်အားနည်းတယ် ပြောရမလား၊ ဆိုတော့ မိုင်းကို ပိုပြီး အားကိုးလာတာလဲ ပါတာပေါ့၊ တောင်ပေါ်မှာလဲ သွားထောင်တယ်၊ ပြီးတော့ အရပ်ဝတ်နဲ့ တစ်ယောက်နှစ်ယောက်သွားပြီးတော့ သူတို့ ထောင်တာမျိုးရှိတယ်” လို့ မြေပြင် သတင်းအရင်းမြစ်က ပြောပါတယ်။
ဒီးမော့ဆို၊ ဖရူဆိုလမ်းမကြီးကို သွားလာနိုင်ဖို့ ကင်းရှည်ယူထားပြီး ယခင်နှစ်တွေနဲ့မတူဘဲ ကျေးရွာအနီးဝန်းကျင်အပြင် တောင်ပေါ်တွေအထိပါ မြေမြှုပ်မိုင်း ထောင်လာတာမျိုး ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ မြေမြှုပ်မိုင်းကြောင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာပြီး စက်တင်ဘာကနေ နိုဝင်ဘာလအထိ နွားအကောင်ရေ ၂၀ ထက်မနည်း မိုင်းနင်းမိသွားတာရှိတယ်လို့ ဆိုပါတယ်။
“ပွင့်လင်းရာသီရောက်လာတာနဲ့ ခနခန မိုင်းကွဲတယ်၊ မိုင်းထိထားတဲ့ နွားတွေလည်း အတော်တွေ့ရတယ်။ ဒီ ထီးပေါ်ဆိုနဲ့ နီးတဲ့ တောထဲဘက်မှာပဲ၊ အဲ့တော့ လူထုတွေက သတိထားရမယ်၊ သွားလာတဲ့နေရာမှာ” လို့ အဆိုပါ မြေပြင်သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ဖရူဆို၊ ဒီးမော့ဆို လမ်းမကြီးတလျှောက်ကို လူထုအနေနဲ့ သွားလာသတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း သတိပေးထားတာ ရှိပါတယ်။
ကန္တာရဝတီတိုင်း(မ်)