သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို အာဏာသိမ်းစစ်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၁၇ ရက်တွင် ဖယ်ခုံနှင့် ပင်လောင်းမြို့နယ် အစပ်ရှိ တောင်စလုံးကျေးရွာမှ နေအိမ်အချို့ကို အာဏာသိမ်းစစ်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ ထပ်မံမီးရှို့ ဖျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တောင်စလုံးနဲ့ မြောက်စလုံးရွာကြားမှာ စစ်ကောင်စီတို့က တပ်စွဲထားတယ်။ ရွာထဲကအိမ်တွေကို မနေ့က သူတို့ထပ်ပြီး မီးရှို့သေးတယ်။ သူတို့က နယ်မြေရှင်းလင်းရေးလုပ်တဲ့ပုံစံမျိုးနဲ့ ရှို့တာနေမယ်။ ဘယ်ချိန်ကတည်းက မီးစရှို့လည်းတော့ မသိရဘူး၊ မြင်တော့ မြင်ခဲ့ရတယ်။ ဒီနေ့တော့ တိုက်ပွဲအခြေအနေတွေ ငြိမ်နေတယ်” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
အဆိုပါ ဖယ်ခုံ- ပင်လောင်း နယ်စပ်တလျှောက်တွင် အာဏာသိမ်းစစ်တပ်၊ ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့အကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။
အလားတူ ဒီဇင်ဘာလ (၂) ရက်တွင် ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာရှိ နေအိမ်များကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်တွင်လည်း ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာကို အာဏာသိမ်းစစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး အာဏာသိမ်းစစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ဖယ်ခုံ – ပင်လောင်း နယ်စပ်တကြောရှိ ကျေးရွာ (၁၀) ရွာကျော်မှ လူဦးရေ (၆၀၀၀) ဝန်းကျင်သည် နီးစပ်ရာ တောတောင်နှင့် ကျေးရွာများထံ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။
သျှမ်းသံတော်ဆင့်