ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါးနှင့် အနွေးထည်များလိုအပ်

By MPM 14 နိုဝင်ဘာ, 2025 👁 2

သျှမ်းပြည် ဖယ်ခုံ – ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် ဆေးဝါးနှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၅၀၀၀ ဝန်းကျင် နီးစပ်ရာကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုထဲမှ ဖယ်ခုံ – ပင်လောင်း နယ်စပ်တကြောသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ကျော်သည် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ရောက်နေတဲ့နေရာက ခေါင်တဲ့နေရာဖြစ်နေတယ်။ သူတို့မှာရှိတဲ့ ဆေးဝါးတွေကလည်း နည်းတယ်။ ဆေးဝါးကတော့ အဓိကလိုအပ်နေတာ။ အခု ဖျားတဲ့လူတွေကလည်းရှိတယ်။ ဆောင်တွေ အနွေးထည်တွေကလည်း ပြေးလာကတည်းက မပါလာကြဘူး” ဟု စစ်ရေး သတင်းအရင်းမြစ်တစ်ဦးကပြောသည်။

လက်ရှိ နိုဝင်ဘာလ ဒုတိယပတ်အထိ ဘောရန်ကျေးရွာအနီးတွင် စစ်ကောင်စီ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ စစ်ရေးတင်းမာမှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ဘောရန်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်နှင့် PNO တို့က မီးရှို့ဖျက်ဆီးခဲ့သည်။

Shan