ဖယ်ခုံ – ဆီးဘူးသို့သွားသည့်လမ်းပိုင်းမြေပြိုပြီး စစ်ဘေးရှောင်များနေထိုင်ရာနေရာများပါ ထိခိုက်လာနိုင်နေ

By MPM 9 ဩဂုတ်, 2024 👁 1

ကရင်နီ (ကယား) ပြည်နယ်စပ်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာကိုသွားသည့် လမ်းပိုင်း၌ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပျက်စီးသွားသည့်အတွက် သွားလာရေးအခက်အခဲအပြင် အဆိုပါလမ်းကြောရှိ စစ်ဘေးရှောင်များ၏ နေထိုင်ရေးနှင် စားနပ်ရိက္ခာအတွက်ပါ စိုးရိမ်နေကြရကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့်နေရာများ မြေကွဲအက်မှုများ ဖြစ်ပေါ်နေပြီး မြေပြိုမှုလည်း အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် စိုးရိမ်နေကြရသည်ဟု အဆိုပါဒေသရှိ ကျေးလက်လူထုဖွံ့ဖြိုးရေးအဖွဲ့တာဝန်ရှိသူ စေတနာ့ဝန်ထမ်း ဦးဖိလစ်က ပြောသည်။

“လမ်းဘေးတကြောမှာ နေတဲ့ စစ်ဘေးရှောင်တွေ လမ်းဘေးမှာနေတဲ့အခါကြတော့ တချို့နေရာတွေမှာဆိုရင် လမ်းဘေးထိ ဒီကွန်ကရစ်အောက်အထိ ပတ်ကြားတွေ အက်သွားတဲ့အခါကြတော့ သူတို့အိမ်တွေ သူတို့ရဲ့ဘဝတွေ သူတို့ရဲ့အသက်တွေလည်း စိုးရိမ်စရာရှိတယ်။ ဘာဖြစ်လို့လဲဆို လမ်းပတ်ကြားအက်တဲ့အထဲမှာ တော်တော်ပါ သွားတဲ့အိမ်တွေ တွေ့ရတယ်။ ဒါပေမယ့် အခုက ပတ်ကြားအက်တဲ့အဆင့်ပဲ ရှိသေးတာပေါ့နော်” ဟု ၎င်းက ဆိုသည်။

လတ်တလော လမ်း၏အနေအထားမှာ လုံးဝပျက်စီးသွားခြင်းမျိုး မဟုတ်သော်လည်း အန္တရာယ်ရှိနေသည့်အတွက် စိုးရိမ်ရသည်ဟု ဦးဖိလစ်က ဆိုသည်။

ဦးဖိလစ်က “မိုးများတော့ ရေတိုက်စားမှုတွေ ဖြစ်တယ်။ တောင်ပြိုတဲ့အထိ ဖြစ်သွားတယ်ပေါ့နော်။ ဆိုတော့ ကြည့်မယ်ဆို ဆီးဘူးလမ်းက ကျောက်အမာခံနည်းတယ်။ တောင်တန်းတွေမှာ ဆိုလို့ရှိရင် မြေသားထုတွေပဲ များတယ်။ အဲ့ဒါကြောင့်မို့ လမ်းရဲ့ကြံ့ခိုင်မှု အပိုင်းမှာဆိုလို့ရှိရင် မိုးရေနဲ့ပဲ လမ်းပျက်စီးသွားတာ များတယ်ပေါ့နော်” ဟု ပြောသည်။

ဆီးဘူးကျေးရွာကို သွားသည့်လမ်းမကြီး ပိုမိုဆိုရွားပျက်စီးလာပါက အဆိုပါကျေးရွာနေဒေသခံများနှင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ စားဝတ်နေရေး အပြင် အရေးပေါ် အခြေအနေအတွက် သွားလာရေးပိုင်း၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားနိုင်ခြင်းကြောင့် အခက်အခဲများ ပိုများလာနိုင်သည်ဟု ကျေးလက်လူထုဖွံ့ဖြိုးရေးအဖွဲ့က ပြောဆိုသည်။

“အခုပျက်တဲ့ အခြေအနေက တော်တော် ပြင်ရခက်မယ့်အနေအထား ကုန်ကျစရိတ်လည်း တော်တော်များမယ့် အနေအထားမှာ ရှိပါတယ်။ နောက်ပြီးတော့ မိုးကလည်း အဆက်မပြတ် တောက်လျောက်ရွာနေတော့ ပြင်ဖို့က ခက်ခဲမယ်လို့ထင်တယ်” ဟု ဦးဖိလစ်က ဆိုသည်။

ကရင်နီပြည်နယ်စပ်မှ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကို သွားသည့်လမ်းမှာ အာဏာမသိမ်းခင်က အရည်သွေးမီ တည်ဆောက်ထားခဲ့သောလမ်းဖြစ်ပြီး လွိုင်ကော်မှ တောင်ငူကို ဆက်သွယ်ထားသည့်လမ်း၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

NMG ပေးပို့သည်။