ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလအတွက် ဥပဒေပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း အတိုက်အခံအဖွဲ့ ၉ ဖွဲ့ ကြေညာ

By MPM 12 ဖေ‌ဖော်ဝါရီ, 2025 👁 1

ကရင်အမျိုးသားအစည်းအရုံး – KNU ပါဝင်သည့် စစ်ကောင်စီအတိုက်အခံအဖွဲ့ ၉ ဖွဲ့က ဖက်ဒရယ်ပြည်ထောင်စု အသွင်ကူးပြောင်းရေးကာလတွင် အသုံးပြုမည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ – AFTA အား ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့စွဲဖြင့် ကြေညာလိုက်သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လူမျိုး (သို့မဟုတ်) ပြည်နယ်ကိုယ်စားပြုကော်မတီများပါဝင်သော အဖွဲ့ (၉) ဖွဲ့က ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး- မူအတိုင်း ဖက်ဒရယ် ပြည်ထောင်စုသို့ ပူးပေါင်းချီတက်နေသည့်ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော AFTA ဥပဒေကို ပြင်ဆင်နေပြီဟု ဆိုသည်။

ကြေညာချက်ပါပြောရေးဆိုခွင့်ရှိသူ နန်းမို့မို့က “ရေးဆွဲတာတော့အများကြီး မပြီးနေသေးဘူး။ အခုမှကြားကာလ မှာ အုပ်ချုပ်ရေးယန္တရား ဘယ်လိုတည်ဆောက်သွားမလဲဆိုတာလောက်ပဲ ရှိသေးတယ်။ ဒါက Bottom up Federalism ရဲ့ ကနဦးခြေလှမ်းလို့တော့ ပြောလို့ရတာပေါ့။ တဖက်မှာ တော်လှန်ရင်း တဖက်မှာလည်း ရေးဆွဲ ပြင်ဆင်ရင်းနဲ့ သွားတာပါ“ ဟု ပြောသည်။

အဖွဲ့များအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာမည့် ယူနစ်ဖြစ်စေ ပြည်နယ်ဖြစ်စေ အားကောင်းနေရေးကို ရည်ရွယ်သော Bottom up Federalism ချည်းကပ်မှုဖြင့်သာ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်မည်ဖြစ်သလို ဗဟိုချုပ်ကိုင်မှု အားကောင်းစေမည့် ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံမည် မဟုတ်ဟု ကြေညာချက်တွင် အသိပေးထားသည်။

နိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော်တွင် အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သော အဆိုပါ ဗဟိုချုပ်ကိုင်မှု စနစ်သည် ရှိနေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် နောက်ဆက်တွဲ ပြဿနာများ ဆင့်ကဲဖြစ်ပေါ်စေသည်ဟု အတိုက်အခံအဖွဲ့တို့က ဆိုသည်။

ပူးတွဲထုတ်ပြန်သည့် အဖွဲ့ (၉) ဖွဲ့အတွင်း KNU, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP, ချင်းအမျိုးသား တပ်ဦး-CNF, မွန်ပြည်သစ်၊စစ်အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD), ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ-KSCC, ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC, မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC, တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ-TPCC နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB တို့ ပါဝင်သည်။

သို့ရာတွင် ၎င်းတို့အနေဖြင့် ကြားကာလအုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရေးနှင့် ဥပဒေပေါ်ထွက်လာရေးတွင် အခြားသော တော်လှန်ရေး၊နိုင်ငံရေးအင်အားစု အဖွဲ့အစည်းများဖြင့် ညှိနှိုင်းတိုင်ပင်မှုများ၊ ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပြီး အတူတကွသွားသည့် ဆောင်ရွက်မှုမျိုးဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းကာလ (၄) နှစ်အတွင်း စစ်ကောင်စီကိုဆန့်ကျင်၍ အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆောင်ရွက် နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများမှာ ၎င်းတို့စိုးမိုးထားသည့် နယ်မြေများကို ပိုမိုထိန်းချုပ်နိုင်ရန်၊ ကာကွယ်နိုင်ရန်အပြင် တဖက်တွင်လည်း အုပ်ချုပ်မှုအားကောင်းကောင်းဖြင့် လည်ပတ်နိုင်ရန် တိုက်ခိုက်ရေးနှင့် အုပ်ချုပ်ရေးမျှခြေပြု လုပ်ဆောင်နေကြသည်။

ထိုအထဲတွင် KNU အနေဖြင့် ရှိပြီးသားဖွဲ့စည်းပုံ၊ မူဝါဒများနှင့်အညီ ၎င်းတို့အုပ်ချုပ်နယ်မြေများအလိုက် အုပ်ချုပ်ရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းရင်း ကော်သူးလေပြည်နယ်ရရှိရေး အကောင်အထည် ဖော်လျက်ရှိသည်။

အလားတူ ကရင်နီပြည်နယ်တွင်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ကို တည်ထောင်ခြင်းဖြင့် ပို၍ကောင်းမွန်သည့် အုပ်ချုပ်ရေးပုံစံများ ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့တို့၏ လုပ်ဆောင်ချက်များအရ သိရသည်။

KIC ပေးပို့သည်။