ပွင့်လင်းရာသီတွင် စစ်ကောင်စီတပ်က သျှမ်းမြောက်ကို အပြင်းထန်ထိုးစစ်ဆင်နေ

By MPM 14 နိုဝင်ဘာ, 2024 👁

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA က ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီက သျှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရပြီး အရှုံးဖြင့်ရင်ဆိုင်ခဲ့ရသဖြင့် ယခုပွင့်လင်းရာသီရောက်ချိန်တွင် သျှမ်းမြောက်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

နောင်ချိုမြို့၊ တောင်ခမ်းရွာရှိ ဘုန်းကြီးကျောင်းနှင့် စစ်ကောင်စီ၏ အမြောက်တပ်စခန်းဖြစ်သည့် (၃၅၄) တပ်စခန်းနေရာတွင် နိုင်ဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA ထုတ်ပြန်ချက်အရ သိရသည်။

နောင်ချို စစ်ရှောင်အမျိုးသားတစ်ဦးက “အခုလက်ရှိ တောင်ခမ်း၊ အုမ္မတီးဘက်တော့ တော်တော်တိုက်ပွဲ ပြင်းထန်တယ်။ ဘယ်သူမှလဲ မသွားရဲကြဘူး။ ပေးမသွားဘူးလေ။ သူတို့ဂိတ်တွေ ချထားတာ။ စစ်တပ်ဘက်ကလည်း ဒရုန်းတွေနဲ့ လာလာစောင့်ကြည့်နေတယ်။ လူတွေမြင်ရင်တော့ ပစ်တယ်။ မမြင်ရင်တော့ မပစ်ဘူး” ဟု ပြောသည်။

နောင်ချိုစစ်ရှောင်အများစုသည် နေထိုင်ရေးနှင့် စားသောက်ရေးအတွက် ခက်ခဲနေပြီး နေ့စားလိုက်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း စစ်ရှောင်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် စပါးနှင့် ပြောင်း ရိတ်သိမ်းချိန် ဖြစ်သော်လည်း တိုက်ပွဲ ပြန်လည်ပြင်းထန်လာသောကြောင့် ရိတ်သိမ်းခွင့်မရကာ လေယာဉ်ပါ ထပ်မံတိမ်းရှောင်နေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ပြောင်းရိတ်ချိန်၊ စပါးရိတ်သိမ်းချိန်လေ။ သွားလဲ မရိတ်သိမ်းရဲတော့ဘူး။ လေယာဉ်ကလဲ ဗုံးတွေ လာလာကြဲတော့ ကြောက်နေရတယ်။ အရင်နဲ့ မတူတော့ဘူး။ ပိုခက်ခဲလာတယ်” ဟု အဆိုပါ စစ်ရှောင်အမျိုးသားက ပြောသည်။

ထိုပြင် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားလျှက်ရှိသော နောင်ချိုမြို့ မကျီးရေရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့လယ်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသေဆုံးမှု ၁၁ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန် ကြို့ပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA က ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။