ပွင့်ဖြူမြို့နှင့် စေတုတ္တရာမြို့မှဒေသခံများ ခရီးသွားခွင့်ပိတ်ပင်ခံနေရ

By MPM 16 ဖေ‌ဖော်ဝါရီ, 2024 👁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းမှာ ဖြစ်တာကြောင့် ခရီးသွားလာခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အုပ်ချုပ်ရေးမှူးတွေကတဆင့် ရွာသားတွေကို အသိပေးတာဖြစ်ပြီး ဒေသခံရွာသားတွေကိုလည်း ခရီးသွားလာခွင့်အတွက် ထောက်ခံစာရေးမပေးဖို့ မှာထားတယ်လို့လည်း သိရသည်။

စစ်ကောင်စီက ရပ်ရွာကာကွယ်ရေးအကြောင်းပြပြီး ပျူစောထီး လုပ်ခိုင်းတာအပြင် ဂိတ်စခန်းဖွင့်ပြီး ကျေးရွာ အဝင်အထွက်တွေ စစ်ဆေးခိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

“တချို့ရွာတွေက ဖွဲ့ပြီးနေပြီ။ သင်တန်းပေးတာတွေလည်း လုပ်နေတယ်ကြားတယ်။ ကျွန်တော်တို့ ရွာတွေကိုလည်း လာတောင်းတယ်။ မပေးနိုင်ဘူးလို့ ပြောထားတယ်။ သူတို့က ရပ်ရွာကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်တာလို့ သိရတယ်” လို့ အဆိုပါဒေသခံက ပြောသည်။

အခုလို အသိပေးလာတာဟာ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ဘက်က ကျေးရွာတွေတင်သာမက မကွေးမြို့ဘက်က ဒဟတ်ကန်၊ ကံလှ စသည့် ကျေးရွာတွေဘက်မှာလည်း အသိပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေ ပြောဆိုမှုအရ သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ပျူစောထီးသင်တန်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး မဲဇလီကျေးရွာ ဘောလုံးကွင်းမှာ ပျူစောထီးသင်တန်း ဖွင့်လှစ်ထားတယ်လို့ ဒေသခံတို့က ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် စစ်ကောင်စီက ဇန်နဝါရီလကစပြီး ပျူစောထီးသင်တန်းတွေ ပေးနေတာဖြစ်သလို လက်နက်တပ်ဆင်ပေးတာတွေလည်း ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေထံမှ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။