ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီက ဒရုန်းများ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရ

By MPM 11 နိုဝင်ဘာ, 2024 👁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းများ၊ လက်နက်ကြီးများနှင့် ပစ်ခတ်တာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်သည် ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ ရဲစခန်းသို့ရောက်လာပြီး ပုသိမ် – မုံရွာလမ်း အနောက်ဘက်မှရွာများကို ဒရုန်းများ၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“အခြေအနေက တော်တော်ဆိုးပါတယ်။ နေ့ရောညရော လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျွန်မတို့လည်း ဘယ်လိုနေရမယ်မှန်းကို မသိတော့ဘူး။ လောလောဆယ် လုံခြုံမယ်ထင်တဲ့နေရာမှာပဲ ဝပ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျွဲခြံရွာ၊ လယ်မရွာအပါအဝင် ပုသိမ် – မုံရွာ လမ်းတလျှောက်ရှိ ရွာများကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပုသိမ် – မုံရွာ လမ်းဘေးတဝိုက်တွင် ကင်းပုန်းဝပ်ခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် ကတုတ်ကျင်းတူး၊ ဘန်ကာတည်ဆောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

မဲဇလီကျေးရွာကို ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် ဝါစိုက်ပျိုးရေးတပ်၊ ၂၅၄ တပ်၊ ၂၅၅ တပ်က စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအများစုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ် မင်းဘူးခရိုင်၊ အမှတ် ၇ တပ်ရင်းက နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ကာ ပုသိမ် – မုံရွာ လမ်းတလျှောက်ရှိ သုံးမိုင်ပေါက်၊ ငါးမိုင်ပေါက်နှင့် ဝန်လို၊ ခိုနန်းရွာနားမှ လမ်းပိုင်းများကို အသုံးမပြုကြရန် ဒေသခံများကို အသိပေးထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။