မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီက လေကြောင်းနှင့် ပုသိမ် – မုံရွာလမ်းပိုင်းကြီးဝ တမံလမ်းခွဲ၌ ဗုံး ၃ လုံး၊ ကျွဲခြံနှင့် လယ်မရွာများကို ဗုံး၂ လုံးဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းသို့ စစ်ကောင်စီက လေကြောင်းနှင့်ပစ်ခတ်မှုသည် ပွင့်ဖြူမြို့နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အနီးနားကျေးရွာများမှ စစ်ရှောင်သွားသူများကို စစ်ကောင်စီက သွားလာခွင့်များ ပိတ်ပင်ထားသည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “MI 35 နဲ့ လာပြီးတော့ ပစ်သွားတာ။ သုံးမိုင်ကို သုံးလုံး၊ ကျွဲခြံကို နှစ်လုံးပစ်တာ။ အခုလည်း ထပ်ဝဲနေတာမို့လို့ အခြေအနေကို မသိရသေးဘူး။ ထိခိုက်တာကို စုံစမ်းနေပါတယ်” ဟု ပြောသည်။
ထိုသို့ စစ်ရှောင်သွားသူများကို သွားလာခွင့် ပိတ်ပင်ထားသလို နိုဝင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီက ဆင်လူး ကျေးရွာမှဒေသခံများကို တစ်အိမ်တစ်ယောက်နှုန်းဖြင့် လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျွဲခြံ၊ လယ်မရွာများ ဘက်သို့ စစ်ကြောင်းထိုးလာသည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်သည် ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ ရဲစခန်းသို့ရောက်လာပြီး ပုသိမ် – မုံရွာလမ်း အနောက်ဘက်မှ ရွာများကို ဒရုန်းများ၊ လက်နက်ကြီးများနှင့် ပစ်ခတ် ခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။
ယင်းအပြင် အဆိုပါစစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပုသိမ် – မုံရွာ လမ်းဘေးတဝိုက်တွင် ကင်းပုန်းဝပ်ခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် ကတုတ်ကျင်းတူး၊ ဘန်ကာတည်ဆောက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။
ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့တွင် ကျွဲခြံ၊ လယ်မရွာများမှ ဒေသခံများအပါအဝင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ နီးပါးအထိ ရှိနေပြီး ၎င်းတို့သည် အမိုးအကာနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။