မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်များတွင် စစ်ကောင်စီက မကြာမီပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူရေးတွင် ပါဝင်ခြင်းမပြုရန်နှင့် ပါဝင်ကူညီသူများကို အရေးယူသွာမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပွင့်ဖြူ-ပကဖ) က သတိပေးထုတ်ပြန်သည်။
ပါဝင်ကူညီသူများကို စစ်ကောင်စီ အားပေးထောက်ခံသူများအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူ ပကဖက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အဓိက ကတော့ Non CDM အုပ်စုတွေကို စစ်ကောင်စီက ဦးတည်ပြီးတော့ အသုံးပြုလာနိုင်တယ်။ ဒီထဲမှာ ဆရာ၊ဆရာမတွေ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေပါနိုင်တာပေါ့။ သူတို့ကို သိစေချင်တာပေါ့။ ပြည်သူတွေ ပေးတဲ့လစာကိုစားပြီး စစ်ကောင်စီ သက်ဆိုးရှည်မယ့်အလုပ်မှာ မပါဝင်စေချင်တာပါ” ဟု ပွင့်ဖြူ-ပကဖ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကို မှတ်သားထားပြီး သက်ဆိုင်ရာ ခရိုင်အဆင့်၊ တိုင်းအဆင့်ကွပ်ကဲရေးများ၏ လမ်းညွှန်ချက်နှင့်အညီ အရေးယူသွားမည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကာကွယ်ရေးအဖွဲ့များ၏ လှုပ်ရှားရာနယ်မြေနှင့် ဝေးပါကလည်း သေချာမှတ်သားထားပြီး ပြည်သူလူထုအနေဖြင့် သတင်းပေးပို့ကြရန် ပွင့်ဖြူ-ပကဖ က အကူအညီတောင်းခံထားသည်။
ပွင့်ဖြူမြို့နယ်တွင် လာမည့်အောက်တိုဘာ ၂ ရက်တွင် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှတဆင့် သိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့အကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဝန်းကျင် သေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။