ပွင့်ဖြူတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

By MPM 21 ဖေ‌ဖော်ဝါရီ, 2025 👁 3

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်အနီးရှိ စစ်ကောင်စီတပ်၏ ကျစ်ကိုင်းရွာစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်အင်အား ၁၅ ယောက်ဝန်းကျင်ရှိသော ကျစ်ကိုင်းရွာစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နံနက်မလင်းခင် တိုက်ခိုက်တာဖြစ်တဲ့အတွက် အထိအခိုက်ကိုတော့ မသိရသေးဘူး။ စစ်ကောင်စီဘက်ကတော့ အင်အားဖြည့်တင်းတာတွေ လုပ်ထားတယ်” ဟု မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျစ်ကိုင်း စစ်ဆေးရေးဂိတ်သည် ဝါစိုက်ပျိုးရေး မြောက်ဘက်အဝင်တွင် တည်ရှိပြီး ဝါစိုက်ပျိုးရေး ရှေ့တန်း စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ပွင့်ဖြူမြို့နှင့် ၅ မိုင်သာကွာဝေးပြီး ဝါစိုက်ပျိုးရေးတပ်ကို ကျော်ဖြတ်ပြီးလျှင် စလင်း – ပွင့်ဖြူ လမ်းပိုင်းကို ရောက်ရှိမည်ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စလင်းဘက်မှ အင်အား ၅၀ ကျော်ပါသော စစ်ကောင်စီကားနှစ်စီး ဝါစိုက်ပျိုးရေးတပ်ကို ဖြည့်တင်းထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။