ပွင့်ဖြူတွင် စစ်ကောင်စီက လူသားဒိုင်းသုံးပြီး စစ်ကြောင်းထိုးနေ

By MPM 18 ဖေ‌ဖော်ဝါရီ, 2025 👁 2

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာများမှဒေသခံပြည်သူများကို လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ ပွင့်ဖြူမြို့၊ ရေပုတ်ကလေးနှင့် မဒဲကျေးရွာတို့ကို ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

“မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်က ရေပုတ်ကလေးကျေးရွာက အိမ်ထဲမှာပဲနေတဲ့သူတွေကို စစ်ကြောင်းနဲ့အတူ ခေါ်သွားတာ။ သုံးယောက်။ တစ်ယောက်ကို မြောင်းထဲကန်ချပြီး ပစ်သတ်လိုက်ကြတယ်ဗျာ” ဟု ရေပုတ်ကလေး ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဒေသခံ ၅ ဦး ဖမ်းခေါ်သွားခဲ့ပြီး ရှေ့ဆုံးကထားကာ မိုင်းဆွဲခံရမှုများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရေပုတ်ကလေးနှင့် မဒဲရွာမှ ပြည်သူအရေအတွက် ဦးရေကို တိတိကျကျမသိရသေးဟု ဆိုသည်။

စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့် လုံးဝအဆက်သွယ်မရသေးဘဲ ရှိချိန်တွင် မုန်းချောင်းတလျှောက် လူသေအလောင်းများ မျောလာသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်ဟု ဆိုသည်။

“ဘယ်ကအလောင်းတွေမှန်း မသိရဘူး။ ဆယ်လည်း မဆယ်ရဲဘူး။ တချို့ဆို ခေါင်းလည်းပါမလာဘူး” ဟု မုန်းချောင်းဝန်းကျင်တွင် နေထိုင်သည့်ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အလောင်းများမျောလာမှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကဖြစ်ပြီး အချို့အလောင်းများမှာ စစ်တပ်ယူနီဖောင်းပါသည့် အလောင်းများဖြစ်ကြောင်း သိရသည်။

စစ်တပ်ယူနီဖောင်းပါသည့် အလောင်းများကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားပြီး နောက်တရက်တွင် တွေ့ရှိရခြင်းဖြစ်သော်လည်း ဖေဖော်ဝါရီ ၁၄ ရက် နောက်ပိုင်းတွေ့ရသော အလောင်းများမှာ ပြည်သူများဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

စစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်ပါသော စစ်ကြောင်းသည် ရေပုတ်ကလေးမှတဆင့် မဒဲနှင့် ကနီကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းလည်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။