ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီထိုးစစ်ဆင်

By MPM 5 ဖေ‌ဖော်ဝါရီ, 2024 👁

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့ကို စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်နေကြောင်း နှစ်ဖက်သတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သောရက်ပိုင်းကစ၍ ဝန်းသိုမြို့နှင့် ကိုးတောင်ဘို့ကျေးရွာတို့တွင် လေယာဉ်များဖြင့် ဒေသတွင်း အင်အားဖြည့်တင်းမှုများပြုလုပ်ပြီး ကောလင်းမြို့ကို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

“လေယာဉ်သံတွေ ကြားရတယ်။ လေယာဉ်နဲ့ ဗုံးချတယ်နေမှာ အသံတွေအကျယ်ကြီး ကြားရတယ်” ဟု ဝန်းသိုမြို့အနီးရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ကောင်စီအင်အား ၈၀၀ ခန့်သည် ကောလင်းမြို့အား မြောက်ဘက်ဝန်းသိုဘက်မှ စစ်ကြောင်းတစ်ကြောင်း ၊ တောင်ဘက်ခြမ်း ကိုးတောင်ဘို့ရွာဘက်မှ တစ်ကြောင်း ၊ ဇီးဖြူရွာဘက်မှ တစ်ကြောင်း စုစုပေါင်း စစ်ကြောင်းသုံးကြောင်းညှပ်၍ ထိုးစစ်ဆင်လာနေကြောင်း ကောလင်း ပြည်သူ့ကာကွယ်ရေးတပ် သတင်းရင်းမြစ်ပြောဆိုချက်အရ သိရသည်။

အလားတူ စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့က စပြီး ကောလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်နေပြီဟု ဖော်ပြနေကြသည်။

ကောလင်းမြို့အား စစ်ဆင်ရေးဆင်နွဲမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မြို့မှထွက်ခွာကြရန် အသိပေး ရေးသားမှုများကို အဆိုပါမီဒီယာများ၌ လွန်ခဲ့သော ဇန်နဝါရီလကတည်းက ရေးသားခဲ့သည်ကို တွေ့ရသည်။

ယခုစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ဒရုန်းအသုံးပြုတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်သတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ကြောင်း ကြေညာခဲ့ပြီးနောက် အုပ်ချုပ်ရေးနှင့် ဘဏ်လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီ ဖြစ်သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ NUG က တရားဝင်ကြေညာထားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။