ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းအတွင်း စစ်သင်တန်းတက်ရန် မပေးမနေရလူစုဆောင်းမှုများ စစ်ကောင်စီ ပြုလုပ်နေ

By MPM 16 ဖေ‌ဖော်ဝါရီ, 2024 👁

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာ တချို့တွင် စစ်ကောင်စီက လူမပေးမနေရ အမိန့်ဖြင့် စစ်သင်တန်းတက်ရန် တပ်သားအင်အား စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကုက္ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် တစ်ရွာလျှင် လူ ၁၀ ယောက်စီ မပေးမနေရအမိန့်ဖြင့် ခြိမ်းခြောက်တောင်းခံ၍ ခေါ်ယူသွားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက အခုလိုပြောသည်။

“တစ်ရွာကို ၁၀ ယောက် တောင်းတာ၊ မသွားရင် ရွာကိုမီးရှို့မယ်ပြောလို့ လိုက်သွားရတာပေါ့။ ၁၀ ယောက်က အသက် ၆၀ ဝန်းကျင်တွေ သူများပြောတာ အသက် ၁၈ နှစ် ဘာညာအပိုတွေ၊ ရွာက လူတွေလိုက်သွားရတာက အသက် ၃၀ ကျော် တစ်ယောက်မှမရှိဘူး။ ၅၀ ကျော် ၆၀ တွေချည်းပဲ။ အကုန်ခေါ်တာပဲ ၃ နှစ် တာဝန်ထမ်းရမယ်ပြောတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည် လိုက်ကြောင်း ၎င်းတို့ပိုင်မီဒီယာများမှ ထုတ်ပြန်ကြေညာပြီးနောက် ခေါ်ယူရေးလုပ်ငန်းစဥ် အဆင့်အဆင့်ဖြင့် ယခုနှစ် ဧပြီလနောက်ပိုင်းမှ စတင်အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု အသိပေးပြောဆိုသည်။

သို့ရာတွင် ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်နှင့် ဆွာမြို့များတွင်လည်း ညဘက်သာမက နေ့ဘက်များ တွင်ပါ စစ်တပ်၏ အင်အားစုဆောင်းခြင်း ခံနေရသဖြင့် အုပ်ထိန်းသူများ စိုးရိမ်ထိတ်လန့်စွာ နေနေရကြောင်းနှင့် လူငယ်များမှာ နေ့ဘက်ပင် အပြင်မထွက်ဝံ့တော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဆွာမြို့ခံ အမျိုးသမီးတစ်ဦးက “ပြောတော့ ၄ လပိုင်းမှ ဆင့်ခေါ်မယ်ဆိုပြီး အောက်ခြေမှာ ပေါ်တာဆွဲနေကြတယ်။ နေ့ဘက်ရော ညဘက်ရော၊ အခုဆိုကြောက်လို့ ဘယ်သူမှ လမ်းပေါ် မထွက်ရဲဘူး။ စာထဲမှာသာ အသက်ပါတာ ပြီးရင်အကုန်လုပ်ချင်တာလုပ်တယ်” ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်း စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို) နှင့် တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များကို ဖွဲ့စည်း၍ တစ်နှစ်လျှင် တပ်သားအင်အား (၅၀,၀၀၀) နှုန်းဖြင့် အပတ်စဥ်တစ်ခုလျှင် လူအယောက် (၅,၀၀၀) နှုန်းကို လာမည့် ဧပြီလ နောက်ပိုင်းမှ စတင်ခေါယူသွားမည်ဟု စစ်ကောင်စီဘက်က ဆိုထားသည်။

သို့သော် ပဲခူးတိုင်းအတွင်းသာမက ဧရာဝတီတိုင်းအတွင်းရှိ ကျုံပျော်နှင့် မြောင်းမြမြို့များတွင်လည်း မဲစနစ်ဖြင့် လိုက်လံကောက်ခံခြင်းတို့ဖြင့် ယခုကတည်းက လူအင်အား စုဆောင်းနေကြောင်း ဒေသခံများက ပြောဆိုမှုအရ သိရသည်။

မြောင်းမြမြို့ဒေသခံတစ်ဦးက “ကျနော်တို့ဆီက ရွာတွေအကုန်လုံး တစ်အုပ်စုကို လူ ၅ ယောက်ဆီ မဲနှိုက်ရတယ်။ ကျနော်တို့ရွာကျတော့ တပ်ထဲဝင်တဲ့သူရှိလို့ မဲမနှိုက်လိုက်ရဘူး။ တချို့ရွာအုပ်စုတွေက ကျတော့ အသက်ကြီးကြီးတွေ ထည့်ပေးလိုက်တာ အဲ့ဒါလည်း ယူတာပဲ။ တစ်လပဲ သင်တန်းတက်ပြီးရင် ပြန်လာရမယ်ပြောတယ်” ဟု ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုချက် ထွက်ရှိလာပြီးနောက် အခြားတိုင်းနှင့် ပြည်နယ်အများအပြားရှိ မြို့နယ်၊ကျေးရွာများတွင် စစ်ကောင်စီ၏ အတင်းအဓမ္မ လူအင်အား တောင်းခံခြင်းနှင့် ပေါ်တာဆွဲခြင်း သတင်းများကြောင့် ပြည်သူအများ စိုးရိမ်ထိတ်လန့်နေရသလို လူငယ်အများစုမှာ ပြည်ပသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာနေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီဘက်က မြို့ရွာများတွင် တော်လှန်ရေးအင်အားစုများ ဝင်ရောက်နေထိုင်မည်စိုးသဖြင့် စစ်ဆေးရေး လုပ်ဆောင်သည့်အနေဖြင့် သက်ဆိုင်ရာသို့ ခေါ်ယူမေးမြန်းခြင်းကိုသာ လုပ်ဆောင် နေကြောင်းနှင့် လူအင်အားစုဆောင်းသည့် သတင်းများမှာ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ၎င်းတို့ပိုင် မီဒီယာများမှတဆင့် တုံ့ပြန်ပြောဆိုသည်။

KIC ပေးပို့သည်။