ပုလော၊ မီးလောင်ချောင်းကျေးရွာတိုက်ပွဲ တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့

By MPM 1 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ခွဲမှူးအပါအဝင် မဟာမိတ်ပူးပေါင်းတပ်က ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁) က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်း တပ်စခန်းကို ဒေသတော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မနက် ၈ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်စခန်း တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်ချေမှုန်းပြီးနောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ခွဲမှူးအပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း တပ်သား ၁ ဦးအပါအဝင် ပျူစောထီး ၆ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

မီးလောင်ချောင်းစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ Mi-2 လေယာဉ်နဲ့ အဆက်အပြတ် ပစ်ခတ်တိုက်ခိုက်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုသည်။

မီးလောင်ချောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တပိုကျေးရွာနေ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို ယာဉ်မောင်း ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ထိုထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းတိုက်ပွဲကြောင့် ကြဲကျေးရွာနဲ့ မီးလောင်ချောင်းကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရသည်။

တနင်္သာရီတိုင်းတွင် အခုလကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တကျော့ပြန် တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို လုပ်ဆောင်လာတယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁) ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။