တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စစ်ရှောင်နေအိမ်များကို ဖောက်ထွင်ပြီး တန်ဖိုးရှိပစ္စည်းများကို ကားကြီး၊ ကားငယ်နှင့် လာရောက်သယ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေးခေါင်းစဉ်နှင့် ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်တို့နှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသည်။
အဆိုပါတိုက်ပွဲများကြောင့် ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ မင်းပြင်နှင့် ဘိုင်းပြင်ကျေးရွာတို့က ဒေသခံ ၄၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။
ဒေသခံများ တိမ်းရှောင်သွားထွက်သည့် နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်ဖောက်ထွင်းပြီး နေအိမ်အတွင်းရှိ တန်းဖိုရှိပစ္စည်းများ၊ ပရိဘောဂများအပါအဝင် စားသောက်ကုန်ကအစ ခိုးယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
အဆိုပါဒေသခံ ပြောပြချက်အရ စစ်ကောင်စီတပ်က စစ်ရှောင်နေအိမ်များကို နေ့စဉ်နှင့်အမျှ ဝင်ရောက်ဖောက်ထွင်းနေပြီး ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်က ဆိုင်ကယ်အစီး ၃၀ ကျော်ကိုလည်း ကားများနှင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။
ထိုပုလောတိုက်ပွဲသည် အောက်တိုဘာ ၂၈ ရက်နေ့အထိ ကြဲရွာဘက်မှာ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများလည်း လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
တိုက်ပွဲကြောင့် ပုလော – မြိတ်ကားလမ်းပေါ်တွင် ကုန်တင်ကားများ ရာနှင့်ချီပိတ်မိနေပြီး ခရီးသွားပြည်သူများမှာလည်း ရေလမ်းကြောင်းကိုသာ အဓိက အသုံးပြုနေရသည်ဟု ဆိုသည်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ၏ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၀,၀၀၀ နီးပါးရှိကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။