တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာတွင် ဆိုင်ကယ်ဖြင့် တနိုင်တပိုင် စျေးရောင်းနေသည့် အမျိုးသမီးတစ်ဦးကို နံနက်အစောပိုင်း စျေးကုန်ထွက်ဝယ်စဉ် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ စျေးထွက်ဝယ်သည့် ဒေသခံ အမျိုးသမီး မမီးကမ်းဆိုသူကို ပလမြို့၊ လမ်းသစ်လမ်းဆုံနေရာတွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် မမီးကမ်းသည် ပလမြို့မှ ဟင်းသီးဟင်းရွက်၊ အသားငါးများကို ဆိုင်ကယ်ဖြင့် သွားဝယ်ပြီး ဇရပ်ဆိပ်ရွာအတွင်း ပြန်လည်ရောင်းချနေသူဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“အဲ့နားမှာ စစ်သားတွေ ပုံမှန်စစ်လေ့ မရှိဘူး။ ပြည်သူ့စစ်အိမ်တွေ မီးရှို့ခံရ ပြီးကတည်းက ကားငယ်နှစ်စီးနဲ့ နေ့နေ့ညည လှုပ်ရှားနေကြတာ။ ဘာကြောင့် ဖမ်းခံရတယ်တော့ မသိဘူးÓ ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် မမီးကမ်းနှင့် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ကို ပလမြို့ရဲစခန်းတွင် ဖမ်းဆီးသိမ်းဆည်းထားကြောင်း သိရသည်။
သြဂုတ်လ ၁၅ ရက်နေ့က ပလမြို့၊ အမှတ် – ၃ ရပ်ကွက် ရဲစခန်းအနီးရှိ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူ ဆိုသည့် နေအိမ်နှစ်လုံး မိုင်းခွဲ မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်များက ကျေးရွာများဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခြောက်လှန့် ပစ်ခတ်နေသည့်အပြင် ကင်းလှည့်တာတွေလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေ၊ အရပ်သား ဖမ်းဆီးခံရမှုတွေ၊ နေ့စဉ်နှင့် အမျှ ဖြစ်ပွားနေသည့် အပြင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ လာနေတာတွေလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
IMNA ပေးပို့သည်။