ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး

By MPM 27 မတ်, 2023 👁 3

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ပဝတ်ဖျားကျေးရွာ ကြားမှာ မနေ့က တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးတယ်လို့တောကြီး မြွေဟောက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးပြီး ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ တောကြီးမြွေဟောက်တပ်ဖွဲ့၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ PDF တပ်ခွဲ ၃၊ KPDF တပ်ဖွဲ့၊ နဂါးမင်းတပ်ဖွဲ့၊ ကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ မင်းထိန်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသလို ကျေးရွာသားအချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပေမယ့် ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ကဗျာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော် ၅ ဦးသေဆုံးပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၃ ဦးထက်မနည်း သေဆုံးထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။