ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၇) နယ်မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးရွာအတွင်း နယ်ခြားစောင့်တပ် – BGF စီမံသည့် ကျောက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ KBU ဖားအံခရိုင်နှင့် ပိုင်ကျုံမြို့နယ် တာဝန်ရှိသူများပူးပေါင်းပြီး ထပ်မံကွင်းဆင်းစီစစ်သွားမည်ဟု ဆိုသည်။
BGF တပ်ရင်း (၁၀၁၅) မှ ဗိုလ်မှူးဝင်းလှိုင်စိန်အုပ်ချုပ်စီမံသော အဆိုပါကျောက်ထုတ်လုပ်မှုကြောင့် ပေါင်ကျေးရွာအပါအဝင် ကျေးရွာ ၃ ခုရှိ ဒေသခံတောင်သူများပိုင် လယ်ယာမြေများပေါ် ကျောက်စလွှင့်စင်၍ လယ်မြေပျက်စီးပြီး လုပ်ငန်းခွင်ထိခိုက်လာမှုအပေါ် နစ်နာသူဒေသခံများက ခရိုင်သို့ ကန့်ကွက်စာတင်ပြလာခြင်းဖြစ်သည်။
ထိုသို့ကန့်ကွက်စာ တင်ပြလာခြင်းကြောင့် စက်တင်ဘာ ၂၁ ရက်နေ့က KNU ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပထမအကြိမ် သွားရောက်ကွင်းဆင်း မှတ်တမ်းယူခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍လည်း ကွင်းဆင်းစီစစ်သွားမည်ဟု KNU ဖားအံခရိုင်က ပြောသည်။
ကွင်းဆင်းရာတွင်ပါဝင်ခဲ့သည့် ကရင်လူငယ်အစည်းအရုံး – KYO အဖွဲ့ဝင် လူငယ်တစ်ဦးက “လယ်မြေတွေက အဲဒီတောင်နားမှာပဲ ရှိတယ်။ စလုပ်တုန်းကလည်း ကျောက်တောင်ကို ပိုင်တယ်ဆိုတဲ့ ဒေသခံနဲ့ လက်နက်ကိုင် တချို့နဲ့ လုပ်သွားတာ။ သူတို့ရောင်းတော့ ပိုက်ဆံရ၊ သူတို့နဲ့ လယ်မြေခြင်း ထိစပ်နေတဲ့ ဒေသခံတွေက ခံရတာပေါ့။ အပေါ်က ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး” ဟု ပြောသည်။
အဆိုပါကျောက်ထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ်ကတည်းက အာရှလမ်းဆောက်လုပ်ရာတွင် အသုံးပြုရန်ဟုဆိုကာ လုပ်ငန်းသက်တမ်း ၅ နှစ် ကတိကဝတ်ဖြင့် ကျေးနယ်နှင့် BGF ပူးပေါင်းသဘောတူညီမှုဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုစဥ်ကတည်းက KNU ဖားအံခရိုင်ဘက်သို့ တိုက်ရိုက်အစီရင်ခံလာခြင်းမရှိခဲ့ဟု ဆိုသည်။
KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက “ခရိုင်ကိုတင်ပြလာတာမှာ ကျနော်တို့ညွှန်ကြားတာက တစ်လကျော် နှစ်လရှိပြီ။ အစပိုင်းက မြို့နယ်ကိုပဲ ညွှန်ကြားတယ်။ အခုတော့ ခရိုင်ကို ညွှန်ကြားထားတယ်။ ခရိုင်အတွင်းရေးမှူး ဦးဆောင်ပြီး ပိုင်ကျုံမြို့နယ်နဲ့ပေါင်းပြီး တင်ပြလာတာ ဟုတ်မဟုတ် သွားကြည့်ပေါ့နော်။ ပြည်သူဘက်က ထိခိုက်မှုရှိရင် ဆက်မလုပ်ဖို့ BGF ကိုပြောမယ်” ဟု ဆိုသည်။
ထို့အပြင် ပိုင်ကျုံမြို့နယ်တာဝန်ရှိသူများ၊ ကရင်လူငယ်အစည်းအရုံး – KYO၊ ကရင်အမျိုးသမီးအစည်းအရုံး – KWO တို့မှ အဆိုပါကျောက်ထုတ်လုပ်ငန်းနေရာသို့ ပထမအကြိမ် ကွင်းဆင်းလေ့လာခဲ့ပြီး ဒေသခံတောင်သူများ တင်ပြ လာသည့်အတိုင်း ကျောက်စလွင့်စင်လယ်မြေပျက်စီးခြင်း အမှန်တကယ် ဖြစ်ပွားလျက်ရှိကြောင်းလည်း ကွင်းဆင်းရာတွင် ပါဝင်ခဲ့သူများက ပြောသည်။
ယင်းအပြင် အဆိုပါကျောက်ထုတ်လုပ်မှုကြောင့် လယ်မြေထိခိုက် ပျက်စီးရုံသာမက လုပ်ငန်းလုပ်ကိုင်သည့် အလုပ်သမားများက ဒေသခံပိုင်ခြံများအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းခိုးယူခြင်းတို့ ရှိလာသည့်အတွက် လုံခြုံရေး စိုးရိမ်ရသည့်အခြေအနေကြောင့် သက်ဆိုင်ရာကို ကန့်ကွက်တောင်းဆိုရကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
KNU ဖားအံခရိုင်အနေဖြင့် ထပ်မံကွင်းဆင်းလေ့လာပြီးနောက်ပိုင်း ပြည်သူလူထု၏တင်ပြချက်များ မှန်ကန်မှုရှိမရှိ စိစစ်လေ့လာသွားမည်ဖြစ်ပြီး အမှန်တကယ်ဆုံးရှုံးနစ်နာမှုရှိနေပါက ကျောက်ထုတ်လုပ်မှု ပိတ်သိမ်းသည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ကျေးနယ် (၃) နယ်လုံးက ပြည်သူလူထုနစ်နာတယ်လို့ ပြောတယ်။ ဒါကို ဟုတ်မဟုတ် ကျနော်တို့ ပြန်စီစစ်မယ်။ တအားနစ်နာတယ်ဆိုရင် သူတို့လိုချင်တဲ့အတိုင်း ပိတ်ပေးရမယ်လေ။ စလုပ်တုန်းက KNU ကို တိုက်ရိုက် သတင်းပို့တာမရှိပေမယ့် ကျနော်တို့ပြန်ကြားတယ်။ ပြည်သူနဲ့အဆင်ပြေရင် ပြီးတာပဲဆိုပြီး လွှတ်ထားတာ၊ အခုလို အဆင်မပြေဘူးဆိုရင် မထိခိုက်အောင်အရေးယူရမယ်” ဟု ပဒိုစောအောင်မော်အေးက ပြောဆိုသည်။
ကျောက်တောင်အား လက်နက်ကိုင်တချို့ထံ ရောင်းစားခြင်းနှင့် ကျောက်ထုတ်လုပ်မှုနောက်ဆက်တွဲ သဘာဝ ပတ်ဝန်းကျင်အန္တရာယ်နှင့် အခြားဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်သည့်အပေါ် ကရင်လူထုအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်။
အလားတူ အပစ်ခတ်ရပ်စဲရေးကာလမတိုင်ခင်က KNU အပြင် BGF တပ်များ လှုပ်ရှားစိုးမိုးရာ နယ်မြေဖြစ်သော ပိုင်ကျုံမြို့နယ်တွင် ဆောက်လုပ်ရေးကုမ္မဏီသို့ ရောင်းစားရန် BGF စီမံသည့် ကျောက်ထုတ်လုပ်မှုကြောင့် ဒေသခံပိုင်လယ်မြေ ပျက်စီးခဲ့ရသည့် အခြေအနေမျိုးရှိခဲ့ဖူးပြီး ပျက်စီးသွားသော လယ်မြေအတွက် လျှော်ကြေးငွေမရရှိခဲ့ကြောင်းလည်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ မှတ်တမ်းအရ သိရသည်။
KIC ပေးပို့သည်။